Xinhua; Dec-2(Fri)
မော်လ်ဒိုဗာလွှတ်တော်သည် ဒီဇင်ဘာလ ၆ ရက်မှစတင်၍ နိုင်ငံတော် အရေးပေါ်အခြေအနေကို ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးမြှင့်ရန် ဒီဇင်ဘာလ ၁ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်းနှင့် အဆိုပါသက်တမ်းတိုးမြှင့်မှုသည် (၅)ကြိမ်မြောက်ဖြစ် ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ မော်လ်ဒိုဗာအစိုးရသည် ဆောင်းရာသီ အတွင်း စွမ်းအင်ထောက်ပံ့မှုလုံခြုံရေးကို တိကျစွာဆောင်ရွက်ရန်၊ ရွှေ့ပြောင်းနေထိုင်သူများ အရေးကို စီမံဆောင်ရွက်ရန်နှင့် အခြားသောလုံခြုံရေးအန္တရာယ်များကို ဟန့်တားရန် အတွက် နိုင်ငံတော်အရေးပေါ်အခြေအနေအား သက်တမ်းထပ်မံတိုးမြှင့်ရန် အဆိုပြု ခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံသည် မကြုံစဖူး စွမ်းအင်ပြတ်လပ်မှုအခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိပြီး နိုင်ငံအတွင်း လျှပ်စစ်မီးနှင့်ဓာတ်ငွေ့စွမ်းအင်ရရှိနိုင်မည့် နည်းလမ်းများ အစဉ်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မော်လ်ဒိုဗာဝန်ကြီးချုပ် နတာလီရာဂါဗရီလီတာ ( Natalia Gavrilita) က လွှတ်တော်တွင် ပြောကြားခဲ့ပါသည်။
အရေးပေါ်အခြေအနေကာလအတွင်း အရေးပေါ်အခြေအနေများဆိုင်ရာ ကော်မရှင် (Commission for Emergency Situation) သည် ဗဟိုနှင့်ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးများ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများအတွက် လိုက်နာ ဆောင်ရွက်ရမည့်ညွှန်ကြားချက်များကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ မော်လ်ဒိုဗာ လွှတ်တော်သည် ရုရှား-ယူကရိန်းအရေးကြောင့် အမျိုးသားလုံခြုံရေးအား ခြိမ်းခြောက် လာနိုင်သည့်အန္တရာယ်ကို ထည့်သွင်းစဉ်းစားကာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်တွင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာခြင်းကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်မှစ၍ မော်လ်ဒိုဗာလွှတ်တော်သည် အရေးပေါ်အခြေအနေအား လေးကြိမ်တိုင်တိုင် သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက် အရ သိရှိရပါသည်။
No comments:
Post a Comment