Anadolu Agency; Aug-17(Thu)
လတ်ဗီးယားဝန်ကြီးချုပ် ကာရစ်ဂျန်နစ်ကာရင်စ် (Krisjanis Karins) သည် ဩဂုတ်လ ၁၇ ရက်တွင် သမ္မတ အက်ဂါစ်ရင်ကဲဗစ် (Edgars Rinkevics) ထံ ၎င်းတို့အစိုးရ အဖွဲ့နုတ်ထွက်လွှာကို တရားဝင်တင်သွင်းခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဝန်ကြီးချုပ်တာဝန်အား ကျေပွန်စွာထမ်းဆောင် နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ကာရင်စ်က နုတ်ထွက်လွှာတင်သွင်းပြီးနောက် LSM သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့ပါသည်။ ၎င်း၏ New Unity ပါတီမှ ကိုယ်စားလှယ်လောင်း အီဗီကာဆီလီနာ (Evika Silina) အား ဝန်ကြီးချုပ်အသစ်အဖြစ် ထောက်ခံကြောင်းနှင့် ၎င်းသည် ခိုင်မာသောအစိုးရ၊ ခိုင်မာသောညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နိုင်မည်ဖြစ်ကြောင်း ကာရင်စ်က ဆက်လက်ပြောကြားခဲ့ပါသည်။
ပါတီ ၃ ခုဖြင့် ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအစိုးရမှ အခြားပါတီ၂ ခုသည် ညွန့်ပေါင်းအစိုးရအသစ်ပြန်လည်ဖွဲ့စည်းရန် ၎င်း၏အဆိုပြုချက်အား ကန့်ကွက်ခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်း ကာရင်စ်က ဩဂုတ်လ ၁၄ ရက်တွင် ပြောကြား ခဲ့ပါသည်။ ညွန့်ပေါင်းအစိုးရတွင်ပါဝင်သည့် မိတ်ဖက်ပါတီများသည် နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် ဆောင်ရွက်နေမှုများကို တားဆီးဟန့်တားမှုများ လုပ်ဆောင်လျက် ရှိကြောင်း ကာရင်စ်က ပြစ်တင်ဝေဖန်ခဲ့ပါသည်။ သမ္မတ ရင်ကဲဗစ်အနေဖြင့် အစိုးရအသစ် ဖွဲ့ရန်အတွက် အလားအလာရှိသော ဝန်ကြီးချုပ်အသစ်တစ်ဦးအား လုပ်ပိုင်ခွင့်ပေးသွား မည်ဖြစ်ကြောင်းနှင့် မည်သည့်ညွန့်ပေါင်းအစိုးရအသစ်မဆို တာဝန်မထမ်းဆောင်မီ လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment