Wednesday, August 9, 2023

ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံအနောက်ပိုင်းကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် သိမ်းပိုက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက စွပ်စွဲပြောကြားခဲ့ခြင်း

Sputnik; Aug-9(Wed)

    ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းကို သိမ်းပိုက်၍ ပိုလန်-ယူကရိန်း ပေါင်းစည်းခြင်းလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ဥရောပ၌ အင်အား အကြီးမားဆုံး တပ်မတော်တစ်ရပ် တည်ဆောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်းဂူ (Sergei Shoigu) က ဩဂုတ်လ ၉ ရက်တွင် စွပ်စွဲပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံသည် အမေရိကန်၊ ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လက်နက်အမြောက်အမြားဝယ်ယူခြင်းများ လုပ်ဆောင်ခြင်းသည် ဥရောပ၌ စွမ်းဆောင်ရည်အမြင့်ဆုံး တပ်မတော်တစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းခြင်းကို ဖော်ညွှန်းလျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဘုတ်အဖွဲ့အစည်းအဝေးတွင် ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ရုရှားဆန့်ကျင်ရေးမူဝါဒအား အဓိကအကောင်အထည်ဖော်သည့် နိုင်ငံဖြစ်လာကြောင်း ကိုလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

    ရုရှားနိုင်ငံ၏အနောက်ဘက်နှင့် အနောက်မြောက်နယ်မြေများမှ ရုရှားနိုင်ငံအပေါ် စစ်ရေးဆိုင်ရာခြိမ်းခြောက်မှုများသည် သိသိသာသာမြင့်တက်လာလျက်ရှိပြီး NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ခြင်းနှင့် အနာဂတ်တွင် ဆွီဒင်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန်ရှိခြင်းတို့သည် ဆိုးရွားသော မတည်မငြိမ်ဖြစ်စေသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် NATO အဖွဲ့အနေဖြင့် ရုရှားနိုင်ငံ၊ အနောက်မြောက်ဒေသရှိ အရေးကြီးပစ်မှတ်များကို ထိထိရောက်ရောက် ပစ်ခတ်နိုင်စွမ်း ရှိသော လက်နက်များနှင့် ၎င်း၏တပ်ဖွဲ့ဝင်များကို ဖင်လန်နိုင်ငံ၌ တပ်ဖြန့်ချထားမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြား ခဲ့ပါသည်။ ယူကရိန်းနိုင်ငံ၌ အရေးပါသော အရင်းအမြစ်များ၌ ရင်းနှီးမြှုပ်နှံရန် အနောက် နိုင်ငံများက အသင့်ဖြစ်နေမှုသည် ပဋိပက္ခအား ပိုမိုပြင်းထန်လာစေမည့် ဘေးအန္တရာယ်ကို ဖန်တီးလာခြင်းပင်ဖြစ်ကြောင်း ဆာဂေးရွှိုင်းဂူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment