Saturday, August 12, 2023

ပိုလန်အစိုးရသည် ရွေးကောက်ပွဲမတိုင်မီတွင် EU ဆန့်ကျင်ရေးနှင့် ဂျာမနီဆန့်ကျင်ရေးတို့ကို လုပ်ဆောင်လျက်ရှိခြင်း

Channel News Asia; Aug-12(Sat)

    ပိုလန်အစိုးရသည် လာမည့်အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲများမတိုင်မီတွင် ၎င်း၏သစ္စာရှိမဲဆန္ဒရှင်အများစုကို စည်းရုံးရန် မျှော်မှန်းချက်ဖြင့် ဂျာမနီဆန့်ကျင်ရေးနှင့် ဥရောပသမဂ္ဂဆန့်ကျင်ရေး ရပ်တည်ချက် များကို ပိုမိုလုပ်ဆောင်နေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားကြောင်း CNA သတင်းဌာနက ဩဂုတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

    ပိုလန်နိုင်ငံ၏ ဂျာမနီဆန့်ကျင်ရေးဆောင်ရွက်ချက်များသည် အာဏာရ တရား မျှတမှုနှင့်ဥပဒေစိုးမိုးရေး (Law and Justice-PiS) ပါတီ၏ မဲဆွယ်စည်းရုံးမှုဖြစ်ပြီး ဥရောပသမဂ္ဂဆန့်ကျင်ရေးကို ရည်ရွယ်သည့် လုပ်ဆောင်မှုတစ်ခုအဖြစ် ယူဆနိုင်ပါ သည်။ ဥရောပသမဂ္ဂနှင့် ပိုလန်နိုင်ငံတို့အကြား ဆက်တိုက်ပြဿနာများနှင့် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေသည်မှာ ကာလကြာရှည်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က ထောက်ပြပြောဆိုထားပါသည်။ ပိုလန်အာဏာရပါတီသည် ဥရောပသမဂ္ဂကို ရန်သူအဖြစ် ပွင့်ပွင့်လင်းလင်းမဆက်ဆံလိုသည့်အတွက် ဥရောပသမဂ္ဂထိပ်တန်းနိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံအပေါ် ဆန့်ကျင်သည့်လုပ်ရပ်များကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။ ပိုလန်အာဏာရပါတီသည် တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သော မီဒီယာအခန်းကဏ္ဍကို ချိုးဖောက်လျက်ရှိကြောင်း ဂျာမနီနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Alternative for Germany (AfD) ပါတီက စွပ်စွဲပြောကြားထားပါသည်။

    ပိုလန်နိုင်ငံ၌ လာမည့်အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွင် ဂျာမနီနိုင်ငံသည် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ် လာနိုင်သည်ဟုလည်း ပိုလန်အာဏာရ PiS ပါတီအကြီးအကဲ ဂျာရိုဆလောကာဇီစကီ (Jaroslaw Kaczynski) က ပြောကြားခဲ့ပါသည်။ ၎င်းသည် ပိုလန်ဒုတိယဝန်ကြီးချုပ် ရာထူးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသော်လည်း ပိုလန်နိုင်ငံ၏ ဩဇာပိုမိုကြီးမားသည့် ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူတစ်ဦးဖြစ်ပါသည်။ ပိုလန်၏ အဓိကအတိုက်အခံ ပါတီမှာ Civic Platform (PO) ပါတီဖြစ်ပြီး ပိုလန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပ ကောင်စီဥက္ကဋ္ဌရာထူး တာဝန်များထမ်းဆောင်ခဲ့သည့် ၎င်းပါတီဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk) သည် အစိုးရဆန့်ကျင်ရေးလုပ်ရပ်များကို ကာလကြာရှည်စွာ လုပ်ဆောင် လျက်ရှိသူတစ်ဦး ဖြစ်ပါသည်။

    မကြာသေးမီက ပြုလုပ်ခဲ့သော သဘောထားစစ်တမ်းများအရ အတိုက်အခံ PO ပါတီသည် လာမည့်ရွေးကောက်ပွဲ၌ အာဏာရ PiS ပါတီကို ခြိမ်းခြောက်လာနိုင် သည်ဟုလည်းသတင်းအရင်းအမြစ်က ဖော်ပြထားပါသည်။ လက်ရှိအာဏာရပါတီသည် စစ်တမ်းများအရ ၃၃ ရာခိုင်နှုန်းဖြင့် အသာစီးရနေသော်လည်း အတိုက်အခံ PO ပါတီ သည် ၂၆ မှ ၃၂ ရာခိုင်နှုန်းကြားထိ ဆန္ဒမဲများရရှိနေပါသည်။ ဂျာမနီဆန့်ကျင်ရေး စကားသံများသည် အာဏာရ PiS ပါတီကို အကျိုးရှိစေပြီး သစ္စာရှိမဲဆန္ဒရှင်အများစုကို စည်းရုံးရာတွင် အထောက်အကူဖြစ်စေကြောင်းလည်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲ၌ ပိုလန် အာဏာရပါတီအနေဖြင့်သာ ဆက်လက်အနိုင်ရရှိနေဦးမည်ဆိုပါက ပိုလန်နှင့် ဥရောပသမဂ္ဂ အကြား သဘောထားကွဲလွဲမှုများသည် ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်းနှင့် ဂျာမနီဆန့်ကျင်ရေးလုပ်ရပ်များလည်း ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment