Reuters; Aug-9(Wed)
ဂျာမနီနိုင်ငံသည် ပိုလန်မှတောင်းဆိုထားသည့် Patriot လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ၃ ဖွဲ့ကို ၂၀၂၃ နှစ်ကုန်အထိ တပ်ဖြန့်ချထားပေးရန် အသင့်ဖြစ်နေကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက်၌ ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဩဂုတ်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတပ်ဖွဲ့ ၃ ဖွဲ့နှင့်အတူ ဂျာမနီတပ်ဖွဲ့ဝင် ၃၀၀ ဦးခန့်သည် ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာအဝေးတွင်ရှိသော ပိုလန်နိုင်ငံ၊ ဇာမော့စ် (Zamosc) မြို့တွင် တပ်ဖြန့်ထားရှိပြီး ၎င်းမြို့အပြင် ယူကရိန်းနိုင်ငံနှင့်ဆက်သွယ်ထားသည့် မီးရထားလမ်းကို ကာကွယ်ရန် အတွက် ယခုနှစ်အစောပိုင်းကတည်းက ရောက်ရှိနေခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ပိုလန်နိုင်ငံ၏နယ်စပ် ပါဇီအိုဒိုး (Przew odow) ရွာကို နယ်စပ်ဖြတ်ကျော်ပြီး ယူကရိန်းက ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ခြင်းကြောင့် ယူကရိန်းစစ်ပွဲအား နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လာမှုကို ကာကွယ်နိုင်ရန် တပ်ဖြန့်ချထားခြင်းဖြစ်ပါသည်။
ဂျာမနီနိုင်ငံနှင့် ပိုလန်အာဏာရ Law and Justice (PiS) ပါတီအစိုးရတို့ အကြား ဆက်ဆံရေးသည် ယူကရိန်းနိုင်ငံသို့လက်နက်တင်ပို့ခြင်းမှသည် ပိုလန်မှပယ်ချ ခဲ့သည့် ဥရောပသမဂ္ဂရွှေ့ပြောင်းသွားလာသူများဆိုင်ရာ သဘောတူညီချက်အပါအဝင် ခေါင်းစဉ်အမျိုးမျိုးဖြင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ကုန်ဆုံးလျှင် တပ်ဖြန့်ချထားမှုကို ထပ်မံသက်တမ်းတိုးရန် ဆောင်ရွက်မည်မဟုတ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားပါသည်။ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ Patriot အချို့ကို NATO ၏ တန်ပြန်တိုက်ခိုက်ရေး တပ်ဖွဲ့က အသုံးပြုရန်လိုအပ်လျက်ရှိပြီး ကျန်ရှိနေသည့် Patriot များကို ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment