Anadolu Agency; Aug-9(Wed)
ပိုလန်သည် ဘီလာရုဇ်နယ်စပ်၌ နယ်စပ်ဒေသလုံခြုံရေးကို အထောက်အကူ ဖြစ်စေရန် တပ်ဖွဲ့ဝင် ၂,၀၀၀ ဦးကျော် တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း ပိုလန်ဒုတိယ ပြည်ထဲရေးဝန်ကြီး မက်ဆီရက်ဂျ်ဝါဆစ်ခ် (Maciej Wasik) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဩဂုတ်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ လုံခြုံရေးကော်မတီက အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လာမည့် သီတင်းပတ် ၂ ပတ်အတွင်း တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း မက်ဆီရက်ဂျ်ဝါဆစ်ခ်က ပြောကြားခဲ့ပါသည်။
ဘီလာရုဇ်အာဏာပိုင်များသည် ၂၀၂၁ ခုနှစ် ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဆိုင်ရာအကျပ်အတည်းကဲ့သို့ ထပ်မံပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည့် အတွက် တပ်ဖွဲ့ဝင် ၁,၀၀၀ ဦးကျော် ပေးပို့ပေးရန် ဩဂုတ်လ ၇ ရက်တွင် ပိုလန် နယ်ခြားစောင့်တပ်ဖွဲ့က တောင်းဆိုခဲ့သည့်အပေါ် လုံခြုံရေးကော်မတီက အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်းလည်းဖြစ်ပါသည်။ ထို့ပြင် ဘီလာရုဇ်သည် ပိုလန်နယ်စပ်မှတစ်ဆင့် ဥရောပသမဂ္ဂ (EU) သို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများ အစုလိုက်အပြုံလိုက် ဝင်ရောက် လာစေရန် ကြိုးကိုင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မက်ဆီရက်ဂျ်ဝါဆစ်ခ်က စွပ်စွဲ ပြောကြားခဲ့ပါသည်။ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ NATO အဖွဲ့၏ အရှေ့ဘက်စစ်နံကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawidcki) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment