Thursday, September 7, 2023

အမေရိကန်သည် ပိုလန်နိုင်ငံတွင် တပ်ဖြန့်ချထားသော ၎င်း၏တပ်ဖွဲ့ဝင် အရေအတွက်အား ထုတ်ဖော်ပြောကြားခဲ့ခြင်း

Reuters, Sep-8(Fri)

ပိုလန်ပိုင်နက်နယ်မြေအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးကျော် တပ်ဖြန့်ချ ထားခြင်းဖြင့် ပိုလန်နိုင်ငံ၏လုံခြုံရေးအား အာမခံပေးထားကြောင်း ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့ခ်ဘရီဇီဇင်စကီး (Mark Brzezinski) က ပြောကြားခဲ့ သည်ဟု Reuters သတင်းဌာနက စက်တင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ စက်တင်ဘာလ ၈ ရက်တွင် ထုတ်ဝေသော ယူကရိန်းသတင်းစာ Rzeczpospolita ၏ အမေး/အဖြေကဏ္ဍတွင် လက်ရှိ အမေရိကန်-ပိုလန်ဆက်ဆံရေးကို ၎င်းက ချီးမွှမ်းထားပြီး အမေရိကန်-ပိုလန် ချိတ်ဆက်မှုအနေဖြင့် သမိုင်းတစ်လျှောက်အကောင်းဆုံးအချိန်ဖြစ် ကြောင်းနှင့် ဘုံအကြောင်းအချက်အနေဖြင့် ယူကရိန်းပြည်သူများအား ထောက်ပံ့ပေးရေး ဖြစ်ကြောင်း ဘရီဇီဇင်စကီးက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ပိုလန်နိုင်ငံ တစ်ဝန်း၌ တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးကျော်ရှိပြီး ၎င်းတို့အား တစ်စုတစ်စည်းတည်းထားရှိခြင်းမဟုတ်ဘဲ ပိုလန်တပ်ဖွဲ့ဝင်များနှင့် လက်တွဲတပ်ဖြန့်ချ ထားခြင်းဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ၏ အခွင့် အာဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ၁၉၉၇ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော NATO အဖွဲ့သို့ ဝင်ရောက်ခဲ့သော ပိုလန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ချီးကျူးကြောင်း ဘရီဇီဇင်စကီးက ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့ပြင် အမေရိကန်နှင့်ပိုလန်တို့သည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မဟာမိတ်အဖြစ် နီးကပ်စွာဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုလန်နိုင်ငံအနေဖြင့် M1 Abram တင့်ကားများ၊ Apache ရဟတ်ယာဉ်များ၊ F-35 တိုက်လေယာဉ်များနှင့် HIMARS ဒုံးပစ်လောင်ချာများအပါအဝင် ခေတ်မီစစ်လက်နက်ပစ္စည်းများကို မဟာမိတ်တို့ထံမှ လက်ခံရရှိလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပိုလန်ဝန်ကြီးချုပ် မာတက်စ် မိုရာဝီခ်ကီ (Mateusz Morawiecki)က နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်အား ၂၀၁၅ ခုနှစ်မှစ၍ ပိုလန်ငွေကြေး ဇလော့တီ (zlotys) ၃၇ ဘီလီယံမှ ၁၅၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၆ဘီလီယံ) အထိ လေးဆတိုးမြှင့်သုံးစွဲခဲ့ကြောင်း စက်တင်ဘာလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဘရီဇီဇင်စကီး၏ အထက်ပါမှတ်ချက် ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment