Malaymail; Sep-21(Thu)
မလေးရှားနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံမှ ဒရုန်းများနှင့် ရဟတ်ယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူလိုကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ မလေးရှား၏ စစ်လက်နက်ပစ္စည်းအချို့ကို တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူလျက်ရှိပြီး လက်ရှိတွင် တူကီယဲနိုင်ငံမှ စစ်လက်နက်ပစ္စည်းအချို့ဝယ်ယူရေးအတွက် မလေးရှားစစ်ဘက်ကောင်စီက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့စစ်လက်နက် ပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတို့အား တူကီယဲအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် အန်ဝါက ထည့်သွင်းပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် အန်ဝါသည် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Turkish House ၌ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှု အတွင်း ခေါင်းဆောင်နှစ်ဦးသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုအခြေခံ၍ တူကီယဲနှင့် မလေးရှားနိုင်ငံတို့အကြား ဆက်ဆံရေးများကို မြှင့်တင်ရေး၊ ၎င်းတို့နှစ်နိုင်ငံ အပေါ် အကျိုးသက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့သည် ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံမှု အတွင်း ဝန်ကြီးချုပ် အန်ဝါနှင့် သမ္မတ အာဒိုဂန်တို့သည် မကြာသေးမီကာလက ဖြစ်ပွား ခဲ့သည့် ကုရ်အာန်ကျမ်းစာကို မီးရှို့ဖျက်ဆီးမှုများနှင့် အစ္စလာမ်ဘာသာအပေါ် အမုန်းပွား စေမည့် သွေးထိုးလှုံ့ဆော်မှုများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of the Islamic Conference-OIC) အဖွဲ့ဝင်နိုင်ငံဖြစ်သော မလေးရှားနှင့် တူကီယဲနိုင်ငံတို့သည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး ဧပြီ လတွင် နှစ်နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreemen-FTA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ၎င်းမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်နိုင်ခဲ့ပါသည်။ ယင်းနှစ်မှာပင် မလေးရှားနှင့် တူကီယဲနိုင်ငံတို့သည် ဝန်ဆောင်မှုကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ထည့်သွင်းရန်အတွက် FTA တိုးချဲ့ရေးအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။
ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွင်လည်း မလေးရှားနိုင်ငံသည် သံချပ်ကာယာဉ်များထုတ်လုပ်ရန်အတွက် တူကီယဲကာကွယ်ရေးကုမ္ပဏီတစ်ခုနှင့် အမေရိကန် ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိ သဘောတူညီချက်များကို ၂၀၁၁ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ မလေးရှားနိုင်ငံသည် ၎င်း၏ကာကွယ်ရေးစနစ်များ အဆင့်မြှင့်တင်ရန် အတွက်လည်း တူကီယဲကာကွယ်ရေးကုမ္ပဏီများနှင့် သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်တွင်လည်း မလေးရှားဝန်ကြီးချုပ်သည် တူကီယဲသို့ ၄ ရက်ကြာခရီးသွားရောက်ခဲ့ပြီး တူကီယဲသမ္မတနှင့် တွေ့ဆုံခဲ့ကာ စစ်ဘက်ဒရုန်းများ ဝယ်ယူရန်နှင့် ၎င်းနိုင်ငံ၌ ဒရုန်းစက်ရုံများလာရောက်တည်ဆောက်ရန်အဆိုပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ မလေးရှားနိုင်ငံသည် ၎င်းကဲ့သို့ တူကီယဲနှင့် ပူးပေါင်းဆောင်ရွက်ကာ ကာကွယ်ရေးစက်မှုလုပ်ငန်း၌ အာဆီယံတွင် ဦးဆောင်နိုင်ရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရှိရပါသည်။
လက်ရှိတွင် မလေးရှားဝန်ကြီးချုပ်သည် တူကီယဲသမ္မတနှင့် တွေ့ဆုံခဲ့ကာ ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအပါအဝင် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ ယင်းကဲ့သို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ်က တူကီယဲမှ ဒရုန်းများ နှင့် ရဟတ်ယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူလိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဝယ်ယူနိုင်ရေးအတွက် တူကီယဲအစိုးရ၊ မိမိနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး ဌာနတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ ကြောင်းတွေ့ရှိရပါသည်။ သို့ဖြစ်၍ ဒေသတွင်း၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင် မှုများမြင့်တက်လျက်ရှိစဉ် မလေးရှားနိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် နိုင်ငံဖြစ်သည့် တူကီယဲမှ စစ်လက်နက်ပစ္စည်းများဝယ်ယူခြင်း၊ ကာကွယ်ရေးစက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင် နိုင်ရန်နှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းကဏ္ဍတွင် အာဆီယံ၌ ဦးဆောင်နိုင်ငံဖြစ်ရေး ရည်မှန်းချက်ကို ပိုမိုပီပြင်စွာ ပုံဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။
No comments:
Post a Comment