Ekathimerini; Sep-21(Thu)
တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် စွမ်းအင်ပူးတွဲတူးဖော်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တူကီယဲမှတစ်ဆင့် ဥရောပသို့ စွမ်းအင် ကုန်သွယ်မှုကွန်ယက်များ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Ekathimerini သတင်းဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တူကီယဲသမ္မတနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် လာမည့် ကာလများတွင် နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များသွားရောက်ရန်နှင့် စွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ ကြပါသည်။
လက်ရှိတွင် နှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံရှိပြီဖြစ်ပြီး ပထမအဆင့်အနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ မြှင့်တင်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း အာဒိုဂန်က ပြောကြား ထားပါသည်။ ထို့ပြင် စွမ်းအင်၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရန်အတွက် နှစ်နိုင်ငံအကြား လုပ်ငန်းယန္တရားတစ်ခုဖွဲ့စည်း တည်ဆောက်ရန် ဆွေးနွေးခဲ့ကြပါသည်။ တူကီယဲအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှစတင်၍ အီဂျစ်၊ ယူအေအီး၊ ဆော်ဒီနှင့် အစ္စရေးနိုင်ငံတို့နှင့် မိတ်ဖက်ဆက်ဆံရေးကို ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် မူဝါဒသစ်များ စတင်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment