Sunday, September 10, 2023

အမေရိကန်၏ တူကီယဲသို့ F-16 တိုက်လေယာဉ်များရောင်းချပေးရေးနှင့် ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးအပေါ် တူကီယဲ၏ သဘောတူညီချက်တို့ သီးခြားစီဖြစ်သင့်သည်ဆိုခြင်း

Al Arabiya; Sep-11(Mon)

အမေရိကန်အစိုးရ၏ တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်ရောင်းချမည့်ကိစ္စရပ် သည် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် တူကီယဲ၏အတည်ပြုချက်နှင့် သီးခြားစီဖြစ်သင့်သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်၌ ပြုလုပ်ခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် သမ္မတ အာဒိုဂန်သည် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့်တွေ့ဆုံကာ ၎င်းနိုင်ငံသို့ F-16 တိုက်လေယာဉ်များ ရောင်းချပေးရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ် ရောင်းချမည့်ကိစ္စရပ်အား NATO အဖွဲ့သို့ ဆွီဒင်နိုင်ငံဝင်ရောက်ရေးအပေါ် တူကီယဲ၏ သဘောတူညီချက်ရရှိမှုအခြေအနေနှင့် ဆက်စပ်မှုရှိနေခြင်းသည် ၎င်းတို့အတွက် စိတ် အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ဆွီဒင်၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် တူကီယဲနိုင်ငံက လပေါင်းများစွာကြာ ကန့်ကွက် ခဲ့ပြီးနောက် အတည်ပြုရေးအတွက် လွှတ်တော်တွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဇူလိုင်လတွင်ပြုလုပ်ခဲ့သည့် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ ပါသည်။ ထိုကဲ့သို့သဘောတူညီခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်အနေဖြင့် တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်များ လွှဲပြောင်းပေးရေးအတွက် ကွန်ဂရက်နှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က ပြောကြားခဲ့ပါသည်။ သို့သော် ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးအပေါ် တူကီယဲနိုင်ငံ၏ သဘောတူညီမှုမှာ သေချာရေရာမှုမရှိသကဲ့သို့ အမေရိကန်အစိုးရ၏ တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်လွှဲပြောင်းပေးမည့် အခြေအနေ များမှာလည်း တိုးတက်မှုမရှိသေးကြောင်း သိရှိရပါသည်။

No comments:

Post a Comment