Wednesday, September 20, 2023

ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများထပ်မံပေးပို့တော့မည်မဟုတ်ကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

CGTN; Sep-21(Thu)

ပိုလန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကိုမြှင့်တင်နိုင်ရေး ခေတ်မီစစ်လက်နက် ပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိသောကြောင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့တော့မည်မဟုတ်ကြောင်း ပိုလန် ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ပိုလန်နှင့်ယူကရိန်းနိုင်ငံတို့အကြား ယူကရိန်းကောက်ပဲသီးနှံ ပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများမြင့်တက်လျက်ရှိချိန်တွင် ပိုလန်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းကောက်ပဲသီးနှံများပို့ဆောင်ရေးနှင့် စပ်လျဉ်း၍ ဥရောပနိုင်ငံအချို့၏ရပ်တည်ချက်သည် ရုရှားနိုင်ငံကို ကူညီရာရောက်ကြောင်းနှင့် ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းကောက်ပဲသီးနှံတင်သွင်းမှု ရပ်ဆိုင်းထားခြင်းကို ဆက်လက် သက်တမ်းတိုးခဲ့ခြင်းသည် ရုရှားနိုင်ငံကို ကူညီသဖွယ်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) က ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားစဉ်တွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ပိုလန်အစိုးရက ပိုလန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးကို ဆင့်ခေါ်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ယူကရိန်းသမ္မတပြောကြားခဲ့သည့် မှတ်ချက်အပေါ် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာဆွေးနွေးပွဲများတွင် ပိုလန် နိုင်ငံအပေါ် ဖိအားပေးရန်လုပ်ဆောင်မှုများ၊ သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး များသို့ ကန့်ကွက်စာများပေးပို့ခြင်းသည် ၎င်းတို့အကြား သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ကောင်းမွန်သောနည်းလမ်းတစ်ရပ်မဟုတ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါသည်။ ပိုလန်အစိုးရက ယူကရိန်းသံအမတ်ကြီးကို ဆင့်ခေါ်၍ ကန့်ကွက်သည်ကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက အငြင်းပွားမှုများကို အပြုသဘော ဆောင်သောချဉ်းကပ်မှုဖြင့်သာ ဖြေရှင်းရန်သင့်ကြောင်း ပိုလန်ကို တိုက်တွန်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment