Saturday, May 16, 2020

ဂျာမနီနိုင်ငံတွင် တပ်ဖြန့်ချထားသည့် အမေရိကန်နျူကလီးယားလက်နက်များကို ပိုလန်နိုင်ငံသို့ ရွှေ့ပြောင်းတပ်ဖြန့်ရန် စဉ်းစားလျက်ရှိခြင်း

Sputnik; May-16 (Sat)
              လက်ရှိတပ်ဖြန့်ချထားသည့် အမေရိကန်နျူကလီးယားလက်နက်များကို ဂျာမနီ နိုင်ငံက ဆက်လက်ချထားခွင့်မပြုဘဲ ငြင်းဆန်ခဲ့ပါက ၎င်းလက်နက်များကို ပိုလန်နိုင်ငံ၌ လက်ခံတပ်ဖြန့်ချထားရန် သဘောတူဖွယ်ရှိကြောင်း ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျော်ဂျက်မော့စ်ဘာချာ (Georgette Mosbacher) က ပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါပြောကြားချက်နှင့်စပ်လျဉ်း၍ ပိုလန်တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်သမားရိုးကျတပ်ဖွဲ့များကို လက်ခံတပ်ဖြန့်လိုကြောင်းနှင့် အဆိုပါတပ်များအခြေစိုက်ရန် "ထရမ့်တပ်မြို့" (Fort Trump) တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ယခင်က ကတိပြုခဲ့ဖူးပါသည်။
              ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် အမေရိကန်အမျိုးသားလုံခြုံရေး အဖွဲ့၏ ခေတ္တညွှန်ကြားရေးမှူးအဖြစ် ပူးတွဲတာဝန်ယူထားသူ ရစ်ချက်ဂရီနယ် (Richard Grenell) က ဂျာမနီနိုင်ငံအနေဖြင့် အမေရိကန်နျူကလီးယားလက်နက်များကို ဆက်လက်၍ လက်ခံတပ်ဖြန့်ချထားခွင့်ပြုသင့်ကြောင်း တိုက်တွန်းပြောကြားသည့် ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ အဆိုပြုချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် တပ်ဖြန့်ချထားသည့် အမေရိကန်နျူကလီးယားလက်နက်များကို ဖယ်ရှားရေးအတွက် ဂျာမနီနိုင်ငံရေးသမား များအကြား ဆွေးနွေးငြင်းခုံမှုများပြုလုပ်နေခြင်းကိုလည်း သံအမတ်ကြီး မော့စ်ဘာချာက ဝေဖန်ပြစ်တင်ခဲ့ပြီး အမေရိကန်လက်နက်များကို ဂျာမနီမြေပေါ်မှဖယ်ရှားခြင်းသည် နေတိုးအဖွဲ့ဆိုင်ရာ ဂျာမနီနိုင်ငံ၏ကတိကဝတ်များကို ဖောက်ဖျက်မှုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်

No comments:

Post a Comment