Sunday, May 31, 2020

တူရကီသည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ရုရှားနှင့်ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အားဖောက်ဖျက်ကာ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိခြင်း

Bulgarianmilitary.com; May-31(Sun)
             တူရကီနိုင်ငံသည် ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ ရုရှားနှင့်ပြုလုပ်ထားသော စစ်မက်ဖြစ်ပွားမှုလျှော့ချရေးဇုန်တည်ဆောက်ရေးသဘောတူညီချက်အား ဖောက်ဖျက်၍ အလက်ပို (Aleppo) နှင့် အိုင်ဒဲလစ် (Idlib) ဒေသများရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင် များအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်ဟု Bulgarian Military စစ်ရေး သတင်းဌာနက မေလ ၃၁ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက် အရ တူရကီသည် ၎င်းတို့၏အမြောက်များအား မကြာသေးမီအတွင်းက ဆီးရီးယား နယ်မြေအတွင်းသို့ ရွှေ့ပြောင်းထားခဲ့ပြီး မေလ ၃၀ ရက်တွင် တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသတင်းဌာန၏ဖော်ပြချက်အရ တူရကီအနေဖြင့် အလက်ပိုအနောက်ဘက်ရှိ ဆီးရီးယားတပ်ဖွဲ့နေရာများအား အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဖော်ပြထားပါသည်။

          တစ်ချိန်တည်းမှာပင် အလက်ပိုမြို့၏တောင်ဘက် ဂျာဘယ်အယ်လ်ဇာဝီယာ (Jabal al-Zawiya) ဒေသတွင်လည်း ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် တူရကီကျောထောက် နောက်ခံပြု အကြမ်းဖက်အဖွဲ့များအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရုရှားတို့အနေဖြင့် တစ်စုံတစ်ရာထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိကြောင်း ၎င်းသတင်းဌာနကဖော်ပြခဲ့ပါသည်။ တူရကီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှစတင်ကာ ဆီးရီးယားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်လျက်ရှိခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း တူရကီနှင့် ဆီးရီးယားအစိုးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တူရကီဘက်မှ တပ်ဖွဲ့ဝင် ၆၂ ဦးထက် မနည်းသေဆုံး၍ တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့နောက် ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအဆုံးသတ်နိုင်ရေးအတွက် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်  (Recep Tayyip Erdogan) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် မတ်လ အတွင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
             တူရကီသမ္မတ ရီဆတ်တေးရစ်အာဒိုဂန်  (Recep Tayyip Erdogan) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် မတ်လ ရက်တွင် ဆီးရီးယား ပဋိပက္ခအား အဆုံးသတ်နိုင်ရေးအတွက် အိုင်ဒဲလစ်ဒေသအတွင်း အပစ်အခတ်ရပ်စဲ ထားရန် သဘောတူညီမှုရရှိခဲ့ပြီး ၎င်းဒေသအပါအဝင် အဓိကအဝေးပြေးလမ်းမကြီး ဖြစ်သည့် M-4 အဝေးပြေးလမ်းတစ်လျှောက်တွင်လည်း မေလ ၂၈ ရက်အထိ ရုရှား- တူရကီပူးတွဲကင်းလှည့်မှု (၁၃) ကြိမ်အထိ လုပ်ဆောင်ခဲ့ပါသည်။ ထို့သို့သဘောတူညီမှု နှင့်ပူးတွဲကင်းလှည့်မှုများဆောင်ရွက်ခဲ့သော်လည်း ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် တူရကီ တို့အကြားတိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ ဆီးရီးယားသမ္မတ ဘာရှာအာဆတ် (Bashar al-Assad) က တူရကီတပ်ဖွဲ့များအား နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုထားသော်လည်း တူရကီတို့အနေဖြင့် ဆီးရီးယားနယ်မြေ အတွင်း၌ပင် ဆက်လက်တပ်စွဲထားဆဲဖြစ်ပါသည်။ ၎င်းတိုက်ပွဲများနှင့်ပတ်သက်၍ တိုက်ခိုက်မှုများတွင် ဆီးရီးယားအစိုးရဘက်မှ ရုရှားတပ်ဖွဲ့များ ပါဝင်ကူညီနေသည်ဟု အမေရိကန်က စွပ်စွဲပြစ်တင်ထားပြီး တူရကီနှင့်ရုရှားတို့အကြား တင်းမာမှုပိုမို ပြင်းထန်လာစေရန် လှုံ့ဆော်မှုများပြုလုပ်ခဲ့သည်ကိုတွေ့ရှိရပါသည်။ တစ်ဖက်တွင် တူရကီကလည်း ရုရှားနှင့်သဘောတူညီမှုပြုလုပ်ပြီးနောက်ပိုင်း ၎င်း၏တပ်ဖွဲ့ဝင်များဖြင့် တိုက်ရိုက်ထိတွေ့တိုက်ခိုက်ခြင်းထက် အိုင်ဒဲလစ်ဒေသရှိ အကြမ်းဖက်အဖွဲ့များအပေါ် နောက်ကွယ်မှထောက်ပံ့ပေးခြင်း၊ လေကြောင်းပစ်ကူပေးခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းတို့အား လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရှိရပါသည်။ မကြာသေးမီအတွင်း ကလည်း တူရကီတို့သည် ၎င်းတို့၏အမြောက်များအား ဆီးရီးယားနယ်မြေအတွင်းသို့ ရွှေ့ပြောင်းထားခဲ့ပြီး မေလ ၃၀ ရက်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ သောကြောင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပါသည်။ ထို့ကြောင့် ဆီးရီးယားပဋိပက္ခအဆုံးသတ်နိုင်ရေးသည် ဆက်လက်ဝေးကွာနေဆဲဖြစ်ပြီး တူရကီနှင့် ရုရှားတို့အကြားရရှိထားသည့် သဘောတူညီချက်သည် အပြန်အလှန်တိုက်ခိုက်မှုများ မြင့်တက်လာသည်နှင့်အမျှ ပျက်ပြယ်လာနိုင်ဖွယ်ရှိကြောင်း Description: G:\ \d4d2015924e2de5b0b4041779544a6067197f35c.jpgသုံးသပ်တင်ပြအပ်ပါသည်။











No comments:

Post a Comment