Tuesday, May 12, 2020

တူရကီစစ်ယာဉ်တန်းတစ်ခုသည် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း


Bulgarianmilitary; May-12(Tue)
              တူရကီစစ်ယာဉ်တန်းတစ်ခုသည် မေလ ၁၁ ရက်တွင် ဆီးရီးယားနယ်စပ်အား ဖြတ်ကျော်၍ အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်ယာဉ်တန်းတွင် သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ သံချပ်ကာယာဉ်များ၊ ထောက်ပံ့ရေးယာဉ်များနှင့် ဆီသယ်ယာဉ်များ ပါဝင် ခဲ့ပြီး ကာဖာလူဆင် (Kafr Lusin) စစ်ဆေးရေးဂိတ်အား ဖြတ်ကျော်ကာ အိုင်ဒဲလစ် စီရင်စု၏အတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းစစ်ယာဉ်တန်းသည် ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် စစ်သွေးကြွအဖွဲ့များအကြား တိုက်ပွဲများအရှိန်မြင့် တက်လာစဉ်အတွင်း အိုင်ဒဲလစ်စီရင်စုသို့ ရောက်ရှိလာခဲ့ခြင်း  ဖြစ်ပါသည်။
              ဆီးရီးယားနိုင်ငံအတွင်းရှိစစ်သွေးကြွများသည် မေလ ၁၀ ရက်မတိုင်မီကာလ တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ချိုးဖောက်၍ တန်ဂျာ (Tanjar) အခြေစိုက် နေရာတစ်ခုကို သိမ်းပိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင်များက အမြောက်များနှင့် လေယာဉ် များကိုအသုံးပြု၍ ပြန်လည်တိုက်ခိုက်ခဲ့ပါသည်။ တူရကီနှင့်ရုရှားနိုင်ငံတို့သည် ဆီးရီးယား အစိုးရတပ်ဖွဲ့များနှင့် သူပုန်များအကြား အပစ်အခတ်ရပ်စဲရန် မတ်လ ၆ ရက်တွင် သဘောတူညီခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် အသက်ဝင်ချိန်မှစတင်၍ တူရကီနိုင်ငံမှ တပ်ဖွဲ့ဝင်များအပါအဝင် စစ်ဘက်ယာဉ် စုစုပေါင်း ၃၁၆၀ စီးခန့် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရ ပါသည်။
သုံးသပ်ချက်
              တူရကီ၊ ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြင်သစ်နှင့် ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်၏ အရှေ့ဘက်ပင်လယ်နှင့်ထိစပ်လျက်ရှိသော နိုင်ငံများဖြစ်ပြီး ၎င်းတို့အနက် တူရကီနိုင်ငံ သည် ဒေသတွင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်၍ မြေထဲပင်လယ်နှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် စစ်ရေးနှင့် စီးပွားရေးအရ ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ တူရကီအနေဖြင့် နိုင်ငံအတွင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် မြေထဲပင်လယ်ရှိ ဓာတ်ငွေ့သိုက်များအား တူးဖော်လျက်ရှိရာ ၎င်း၏ ရေပြင်ပိုင်နက်သာမက ၎င်းနှင့်နီးကပ်မှုရှိပြီး ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ဆိုက်ပရပ်စ် နိုင်ငံ၏ ရေပြင်ပိုင်နက်အတွင်းအထိပါ ဓာတ်ငွေ့တူးဖော်မှုများပြုလုပ်ခဲ့ပါသည်။ တူရကီ နိုင်ငံအနေဖြင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုက်ပရပ်စ် ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အတွင်းသို့ ဓာတ်ငွေ့တူဖော်ရေးသင်္ဘောတစ်စီးအား အခြားအစောင့်အရှောက်စစ်သင်္ဘောတစ်စီးနှင့်အတူ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နှစ်အတွင်း (၆) ကြိမ်ထက်မနည်း ဓာတ်ငွေ့တူးဖော်မှုများပြုလုပ်ခဲ့ပါသည်။ တူရကီနိုင်ငံ၏ လုပ်ရပ်သည် နိုင်ငံတကာပင်လယ်ပြင်ဥပဒေအား ချိုးဖောက်မှုဖြစ်ကြောင်း အခြားနိုင်ငံ များက စွပ်စွဲပြောကြားလျက်ရှိသော်လည်း တူရကီနိုင်ငံက ဆိုက်ပရပ်စ်သည် ၎င်းတို့၏ ပိုင်နက်တစ်ခုဖြစ်ပြီး နိုင်ငံအဖြစ်အသိအမှတ်မပြုကြောင်း၊ ထို့ကြောင့် ၎င်းတို့ဓာတ်ငွေ့ တူးဖော်သောနေရာသည် တူရကီ၏ ရေပြင်နယ်နိမိတ်အတွင်း၌သာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောကြားထားကြောင်း သိရှိရပါသည်။ ထို့ပြင် တူရကီနှင့် ဂရိနိုင်ငံတို့ အကြားတွင်လည်း တရားမဝင်ရွှေ့ပြောင်းသူများ လက်ခံရေးကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပါသည်။ အလားတူ တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခတွင်လည်း နိုင်ငံတကာအသိအမှတ်ပြု GNA အစိုးရအား ကျောထောက်နောက်ခံပေးလျက်ရှိပြီး နိုင်ငံအရှေ့ပိုင်းအခြေစိုက် LNA တပ်ဖွဲ့အား အထောက်အကူပေးလျက်ရှိသည့် ရုရှား၊ ပြင်သစ်၊ ဂရိ၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့နှင့် လည်း တင်းမာမှုများဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။  ထို့ပြင် တူရကီအနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်ပွဲအတွင်း၌လည်း ပါဝင်လျက် ရှိပြီး ဆီးရီးယားအစိုးရအား ဆန့်ကျင့်လျက်ရှိသည့် သူပုန်များအား စစ်ရေးအကူအညီများ ပေးအပ်လျက်ရှိသဖြင့် ရုရှားနိုင်ငံနှင့် တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီနိုင်ငံ အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ၎င်း၏ စစ်ရေးအရအင်အားသာလွန်မှုကို အသုံးချ၍ ၎င်း၏ပတ်ဝန်းကျင်နိုင်ငံငယ်များနှင့် အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင် အရင်းအမြစ် ရယူနိုင်မည့်နိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါနိုင်ငံများအပေါ် တူရကီနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုရရှိရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ တူရကီအနေဖြင့် ၎င်း၏ လုပ်ဆောင်ချက်များ အတွက် အမေရိကန်၏ ထောက်ခံမှုကိုရယူထားပြီး တစ်ဖက်တွင်လည်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးစားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တူရကီသည် စစ်အင်အားသာလွန်မှုကို အသုံးချ၍ ၎င်းနိုင်ငံ၏ အကျိုးစီးပွားအတွက် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအပေါ် ဗိုလ်ကျစိုးမိုးသည့် ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment