Washingtonexaminer; Aug-10 (Mon)
တူရကီစွမ်းအင်ရှာဖွေရေးသင်္ဘောများသည် ဂရိနိုင်ငံ၏ အထူးစီးပွားရေးဇုန်ရှိ ရေပိုင်နက်အတွင်းသို့ဝင်ရောက်ခဲ့သည့်အတွက် ဂရိနိုင်ငံသည် ၎င်း၏ ရေတပ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဩဂုတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် အဆိုပါ စွမ်းအင်ရှာဖွေရေးသင်္ဘောများအား အသုံးပြု၍ ပင်လယ် ဓားပြများကဲ့သို့ ရေအောက်စွမ်းအင်အရင်းအမြစ်များအား ထုတ်ယူနိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအားထိခိုက်စေမည့် တရားမဝင် လုပ်ရပ်များအား ချက်ချင်းရပ်တန့်သွားရန် ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ သို့သော် တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) သည် ဂရိနိုင်ငံ၏ သတိပေးချက်များအား လျစ်လျူရှု၍ အဆိုပါ စွမ်းအင်ရှာဖွေရေးသင်္ဘောများအား လိုက်ပါစောင့်ရှောက်ရန် စစ်ရေယာဉ်များအား စေလွှတ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kyriakos Mitsotakis) က NATO အဖွဲ့၏အကူအညီကိုယူ၍ တူရကီနိုင်ငံအားဖိအားပေးရန် လိုလားလျက်ရှိသော် လည်း NATO အဖွဲ့နှင့် ဥရောပသမဂ္ဂအဖွဲ့တို့သည် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) မှ ကြားဝင်ဖျန်ဖြေမှုပြုလုပ်ပေးရန် ကိုသာ အားပေးလျက်ရှိပါသည်။ ထို့ပြင် ဂရိရေပိုင်နက်အတွင်းမှ တူရကီစစ်ရေယာဉ်များ ထွက်ခွာသွားစေရေးနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း၍ တူရကီနိုင်ငံအပေါ် ဖိအားပေးမှုများ လုပ်ဆောင်သင့်ကြောင်းနှင့် အာဒိုဂန် အနေဖြင့် ငြင်းပယ်ခဲ့မည်ဆိုပါက တူရကီ၏စီးပွားရေးအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သင့်ကြောင်း ဂရိနိုင်ငံက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းက တူရကီ၏ ရေအောက်သယံဇာတစူးစမ်း လေ့လာရေးရေယာဉ်များသည် ဂရိရေပိုင်နက်သို့ ဝင်ရောက်ခြင်းဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုမှာ မြင့်တက်လျက်ရှိပါသည်။ ဂရိအနေဖြင့် တူရကီရေယာဉ်များအား ဆုတ်ခွာ ပေးရန် တောင်းဆိုခဲ့သော်လည်း တူရကီမှလိုက်လျောခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ဂရိနိုင်ငံသည် တူရကီနိုင်ငံအတွက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဂရိအစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု တူရကီနိုင်ငံက ပြောကြားခဲ့သော်လည်း ဂရိနိုင်ငံအနေဖြင့် အဆိုပါဒေသ၌ စေလွှတ်ထားသည့်ရေယာဉ်များကို ရုပ်သိမ်းပေး မှသာလျှင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု တုံ့ပြန်ခဲ့ပါသည်။ ထို့ကြောင့် ဂရိနိုင်ငံသည် ၎င်းကိစ္စနှင့်ပတ်သက်၍ တူရကီနိုင်ငံအားဖိအားပေးရန် NATO အဖွဲ့၏ အကူအညီ ရယူနိုင်ရေး ကြိုးပမ်းလျက်ရှိသော်လည်း NATO အဖွဲ့နှင့် ဥရောပသမဂ္ဂအဖွဲ့တို့အနေဖြင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) က ကြားဝင်ဖျန်ဖြေမှု ပြုလုပ် ပေးရန်ကိုသာ တိုက်တွန်းအားပေးလျက်ရှိပါသည်။
ဂရိနှင့် တူရကီနိုင်ငံတို့မှာ NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း မလိုလားအပ်ဘဲ ပဋိပက္ခများမဖြစ်ပွားစေလိုခြင်းကြောင့် ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ တူရကီမှ ရေယာဉ်များ ဆုတ်ခွာခြင်းမရှိပါက နှစ်နိုင်ငံ တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment