Sunday, August 16, 2020

မြေထဲပင်လယ်ပြင်အတွင်း တူရကီနိုင်ငံ၏ မစ်ရှင်များတိုးချဲ့ဆောင်ရွက်မှုကြောင့် အရှိန်မြင့်တက်နေသည့် တင်းမာမှုများလျှော့ချသွားရန် အမေရိကန်က တောင်းဆိုခဲ့ခြင်း

 

‌Thenational; Aug-17(Mon)

              မြေထဲပင်လယ်ပြင်အရှေ့ပိုင်းရှိ အငြင်းပွားဖွယ်ရေပိုက်နက်၌ တူရကီနိုင်ငံမှ လုပ်ဆောင်နေသည့် ရေတပ်မစ်ရှင်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အရှိန်မြင့်တက်နေသော တင်းမာမှုများကိုလျှော့ချသွားရန် အရေးတကြီးလိုအပ်လျက်ရှိ ကြောင်း အမေရိကန်က ပြောကြားခဲ့ပါသည်။ တူရကီရေတပ်အနေဖြင့် လာမည့်သီတင်းပတ် မှစ၍ ဆိုက်ပရပ်စ်အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် ၎င်းတို့၏လုပ်ငန်းစဉ်များ တိုးချဲ့ပြုလုပ်ရန် စီစဉ်နေသည်ဟု ကြေညာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo)နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) တို့သည် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံ အနေဖြင့် အဆိုပါရေပိုင်နက်အတွင်းသို့ စစ်ရေယာဉ်တစ်စင်းနှင့်အတူ လိုက်ပါခဲ့သည့် စူးစမ်းလေ့လာရေးရေယာဉ်တစ်စင်းအား စေလွှတ်ထားခဲ့ကြောင်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ပါသည်။

              အဆိုပါရေယာဉ်အနေဖြင့် ဆိုက်ပရပ်စ်ကျွန်းစုတွင် ဩဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ စူးစမ်းလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီ နိုင်ငံက ဩဂုတ်လ ၁၅ ရက်တွင် ကြေညာထားသော်လည်း ၎င်းရေယာဉ် ပြန်လည်ရုပ်သိမ်း သွားရန် ဥရောပသမဂ္ဂက တူရကီနိုင်ငံအား တိုက်တွန်းထားပါသည်။ တူရကီနိုင်ငံ၏ လုပ်ဆောင်ချက်သည် ဆွေးနွေးမှုများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှု များကို ထိခိုက်စေကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဇက်ဘော်ရယ် (Josep Borrell) က ပြောကြားခဲ့ပါသည်။ တူရကီနှင့် ဂရိနိုင်ငံတို့သည် သယံဇာတများပေါကြွယ်ဝသည့် ရေပိုင်နက်အား ပိုင်ဆိုင်ရေးအတွက် ကာလကြာရှည်စွာ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment