Xinhua;
Aug-14(Fri)
မြောက်မက်ဆီဒိုးနီးယားသမ္မတ စတီဗိုပန်ဒါရော့ဗ်စကီး
(Stevo Pendarovski) သည် ညွန့်ပေါင်းအစိုးရအသစ်တစ်ရပ်ဖွဲ့စည်းရန်
မက်ဆီဒိုးနီးယားဆိုရှယ်ဒီမိုကရက်တစ် သမဂ္ဂ (Social Democratic Union of Macedonia-SDSM) ခေါင်းဆောင်
ဇိုရန်ဇာရက် (Zoran Zaev) အား သြဂုတ်လ ၁၃ ရက်တွင် တာဝန်ပေးအပ်ခဲ့ကြောင်း မီဒီယာသတင်း
ဌာနအေဂျင်စီ (MIA) က ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့်
လွှတ်တော်ရွေးကောက်ပွဲများအတွင်း SDSM ပါတီနှင့် Besa Movement ပါတီတို့အနေဖြင့် အမတ်နေရာ
၄၆ နေရာအနိုင်ရရှိခဲ့သဖြင့် ညွန့်ပေါင်း အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရန် အလားအလာကောင်းသည့်အတွက် သမ္မတက
၎င်းအား
တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၉၀ အရ ဝန်ကြီးချုပ်လောင်း အနေဖြင့် အစိုးရဖွဲ့စည်းမည့်အစီအစဉ်နှင့်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အမည်စာရင်း အား ရက်ပေါင်း ၂၀ အတွင်း လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပါသည်။
၎င်းအနေဖြင့် အဆိုပါညွန့်ပေါင်းအစိုးရအား
ဖွဲ့စည်းနိုင်ခဲ့မည်ဆိုပါက နိုင်ငံအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး
ဆောင်ရွက်သွားမည့်အပြင် နိုင်ငံအတွင်း လူမျိုးရေး ဘက်လိုက်ဆောင်ရွက်မှုနှင့် အမျိုးသားရေးအစွန်းရောက်
စိတ်ဓာတ်ကင်းရှင်းသည့် လူမှုပတ်ဝန်းကျင်တစ်ရပ်အား တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဇာရက်က ကတိပြုပြောကြားထားပါသည်။ လက်ရှိအချိန်အထိ
လွှတ်တော်တွင် အမတ်နေရာ ထက်ဝက်ကျော်ဖြင့် အစိုးရဖွဲ့စည်းနိုင်ရန်ရည်ရွယ်၍
နိုင်ငံရေးပါတီများအကြား ဆွေးနွေးမှု များပြုလုပ်လျက်ရှိသော်လည်း ရလဒ်ထွက်ပေါ်ခြင်းမရှိသေးပေ။ လွှတ်တော်တွင် အမတ် နေရာ ၁၂၀ ရှိသည့်အနက် ထက်ဝက်ကျော်ဖြစ်သော
၆၁ နေရာရရှိသည့် ပါတီအနေဖြင့် အစိုးရဖွဲ့စည်းနိုင်မည်ဖြစ်ရာ လက်ရှိအနိုင်ရရှိထားသည့် SDSM ပါတီနှင့် Besa
Movement ပါတီတို့အနေဖြင့် အစိုးရဖွဲ့စည်းနိုင်ရန်
အမတ်နေရာ ၁၅ နေရာ လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ရာ SDSM ပါတီခေါင်းဆောင် ဇာရက်အနေဖြင့်
အမတ်နေရာ ၁၅ နေရာ အနိုင် ရရှိထားသည့် ဒီမိုကရက်တစ်သမဂ္ဂပူးပေါင်းဆောင်ရွက်ရေး (Democratic Union Integration) ပါတီ ခေါင်းဆောင် အလီအက်မီတီ
(Ali Ahmeti) နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment