Anadolu Agency;Jun-4(Sat)
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ သဘာဝဓာတ်ငွေ့စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်တွေ့ဆုံသွားမည်ဟု ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားသမ္မတတစ်ဦးဖြစ်သူ မီလိုရက် ဒိုဒစ် (Milorad Dodik) က ဇွန်လ ၄ ရက်တွင် ကြေညာခဲ့ပါသည်။ သမ္မတ မီလိုရက်ဒိုဒစ် သည် ဇွန်လ ၁၅ ရက်မှ ၁၈ ရက်အထိ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ် (St. Petersburg) မြို့၌ ကျင်းပမည့် (၂၅) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်သွားမည်ဖြစ်ကာ သမ္မတ ပူတင်နှင့်တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်ပါသည်။ ၎င်းကဲ့သို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားမှုသည် အနောက်နိုင်ငံများအတွက် စိတ်ပျက်စရာဖြစ်စေလိမ့်မည်ဟုလည်း သမ္မတ မီလိုရက်ဒိုဒစ်က ထည့်သွင်းပြောကြားထားပါသည်။
ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရေးတွင် ပူးပေါင်းပါဝင်ရန် အနောက် နိုင်ငံများက ဘက်ပေါင်းစုံမှ ဖိအားပေးလျက်ရှိသော်လည်း ရုရှား-ယူကရိန်း စစ်ရေး ပဋိပက္ခသည် အချိန်တန်လျှင်ပြီးဆုံးသွားမည်ဖြစ်သောကြောင့် ရုရှားနှင့် ကောင်းမွန်သော ဆက်ဆံရေးများတည်ဆောက်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် ၎င်းအရေးယူပိတ်ဆို့မှုများတွင် မပါဝင်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတ မီလိုရက်ဒိုဒစ်က ပြောကြားခဲ့ပါသည်။ သမ္မတ မီလိုရက်ဒိုဒစ်သည် ဇွန်လ ၇ ရက်တွင်လည်း ဆားဘီးယား နိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) နှင့်တွေ့ဆုံ၍ အထက်ပါအရေးကိစ္စများဆွေးနွေးရန် စီစဉ်ထားသော်လည်း လက်ဗ်ရော့၏ ဆားဘီးယားသို့သွားရောက်မည့်ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းကြောင့် တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ်ပျက်ပြားခဲ့ကြောင်း သိရှိရပါသည်။
Ref: Bosnian Serb leader to discuss gas projects, economy with Russian leaders
No comments:
Post a Comment