Thursday, June 2, 2022

ပင်လယ်နက်တွင်ပြုလုပ်မည့် NATO တပ်ဖွဲ့၏စစ်ရေးလေ့ကျင့်မှု အစီအစဉ်အချို့အား ပယ်ဖျက်သွားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

 

Tass; May-31(Tue)

              ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားနေစဉ်ကာလအတွင်း ပင်လယ်နက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် NATO တပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မည့်အစီအစဉ်များအား ပယ်ဖျက်ရန် သို့မဟုတ် ရွှေ့ဆိုင်းထားရန်စီစဉ်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu) က မေလ ၃၁ ရက်တွင် Anadolu Agency သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံ၏ အစ္စတန်ဘူလ်မြို့အနီးရှိ Bosporns နှင့် Dardanelles ရေလက်ကြား ခုမှ တစ်ဆင့် ပင်လယ်နက်အတွင်းသို့ စစ်ဘက်နှင့် အရပ်ဘက်သင်္ဘောများ ဖြတ်သန်း သွားလာမှု စည်းမျဉ်းသတ်မှတ်ချက်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တစ်ခုဖြစ် သည့်  မွန်ထရိုးကွန်ဗန်းရှင်း (Montreux Convention) ကို ၁၉၃၆ ခုနှစ်တွင် ပြဋ္ဌာန်း ထားရှိပါသည်။ လက်ရှိတွင် NATO အဖွဲ့၏ ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်များတွင် အထက်ပါရေလက်ကြား ခုမှ ၎င်းတို့၏ စစ်သင်္ဘောများ ဖြတ်သန်း ဝင်ရောက်မည်ဖြစ်ရာ ကွန်ဗန်းရှင်းပါအချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် တူရကီဘက်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

          လက်ရှိကာလတွင်လည်း တူရကီနိုင်ငံအနေဖြင့် စစ်သင်္ဘောများဝင်/ ထွက်ခွင့်နှင့် ပတ်သက်လျှင် မွန်ထရိုးကွန်ဗန်းရှင်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန်နှင့် ရုရှားတို့သည် ကွန်ဗန်းရှင်းကို ကျော်လွန်ပယ်ဖျက်၍ ၎င်းတို့၏ စစ်သင်္ဘောများ ပင်လယ်နက် အတွင်းသို့ ဝင်ရောက်ရန် တောင်းဆိုမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ ထို့ပြင် ကုလသမဂ္ဂအနေဖြင့် ရုရှားအပေါ် တရားဝင်အရေးယူပိတ်ဆို့မှုများ ချမှတ်မှသာလျှင် တူရကီနိုင်ငံသည်လည်း အဆိုပါအရေးယူပိတ်ဆို့မှုအစီအစဉ်တွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ခြင်းသည် ၎င်းနိုင်ငံများ၏ အရေးကိစ္စသာဖြစ်ကြောင်း၊ လက်ရှိတွင်လည်း တူရကီအနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေမှုကိုသာဆောင်ရွက်၍ ၎င်းတို့အကြား ပြေလည်မှုရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်မှုများအား ဥရောပသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရမည် ဖြစ်ကြောင်း မက်ဗလက်ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment