Bernama; Jun-15(Wed)
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် NATO အဖွဲ့ဝင်နိုင်ငံများအပါအဝင် အဖွဲ့ဝင်မဟုတ်သည့် အခြားသောမဟာမိတ်နိုင်ငံ များနှင့် ယူကရိန်းကာကွယ်ရေးဆိုင်ရာချိတ်ဆက်မှုအဖွဲ့ (Ukrainian Defence Contact Group) အစည်းအဝေးအား ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ဇွန်လ ၁၅ ရက်တွင် ကျင်းပလျက်ရှိကြောင်း Bernama သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ယူကရိန်းနိုင်ငံအား လက်ရှိအချိန်တွင် ကာကွယ်ရေးဆိုင်ရာ အထောက် အပံ့ပေးနေသည့် နိုင်ငံပေါင်း ၅၀ နီးပါးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ရုရှားက ယူကရိန်းအရှေ့ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများအား အရှိန်တိုးမြှင့် ဆောင်ရွက်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် ယူကရိန်းကို စစ်ရေးအကူအညီများ ထောက်ပံ့ပေးရန်အပါအဝင် ယူကရိန်းပဋိပက္ခတွင် ၎င်းတို့၏ ရပ်တည်ချက်သဘောထား များနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန်အတွက် ဇွန်လ ၁၆ ရက်တွင် ထပ်မံတွေ့ဆုံ သွားမည်ဖြစ်ပါသည်။
ရုရှားအနေဖြင့် ဒွန်းဘတ်စ် (Donbas) ဒေသလုံခြုံရေးအတွက် အင်အား ဖြည့်တင်းမှုများပြုလုပ်ခဲ့ရာ အမေရိကန်ကလည်း ယူကရိန်းကို ကူညီထောက်ပံ့ပေးရန် အတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကို အတည်ပြုခဲ့ပြီးနောက် သီတင်းပတ် များစွာအကြာတွင် အထက်ပါအတိုင်းတွေ့ဆုံဆွေးနွေးမှု ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့အနေဖြင့် ယူကရိန်းနိုင်ငံအား အမြန်ဆုံးထောက်ပံ့နိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးနိုင်မည့်အကူအညီများနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်သွားမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံသို့ လက်နက်ကြီးများ ထောက်ပံ့ရေးအတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းစ်စတို တန်ဘာ့ဂ် (Jens Stoltenberg) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေး အပြီးတွင် လွိုက်အော်စတင်သည် NATO အဖွဲ့ ကာကွယ်ရေးဝန်ကြီးများ၊ အခြားသော အဖွဲ့ဝင်မဟုတ်သည့် မဟာမိတ်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့်တွေ့ဆုံ၍ ယူကရိန်းပဋိပက္ခတွင် မဟာမိတ်အဖွဲ့၏ ကာကွယ်တားဆီးရေးလုပ်ငန်း အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment