Yahoo;Jun-28(Tue)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ကျင်းပပြုလုပ်သည့် NATO ထိပ်သီးဆွေးနွေးပွဲအခမ်းအနား အတွင်း နော်ဒစ်နိုင်ငံများဖြစ်သည့် ဖင်လန်နှင့် ဆွီဒင်တို့၏ ခေါင်းဆောင်များနှင့် ဇွန်လ ၂၉ ရက်တွင် အကြိတ်အနယ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် NATO အဖွဲ့တွင်ပါဝင်ရန် ဆန့်ကျင်နေမှုအား ရုပ်သိမ်းလိုက်ကြောင်း Yahoo သတင်းဌာနက ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို တုံ့ပြန်သည့်အနေဖြင့် နော်ဒစ် ၂ နိုင်ငံဖြစ် သည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် NATO အဖွဲ့သို့ဝင်ရောက်ရန် မေလ ၁၈ ရက်တွင် တရားဝင်လျှောက်လွှာတင်သွင်းမှုပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏ ဝင်ရောက်ရန်ကြိုးပမ်းမှုများကို ကန့်ကွက်လျက်ရှိပါသည်။ ၎င်းတို့အားလက်ခံ ပေးနိုင်ရေးအတွက် NATO မဟာမိတ်နိုင်ငံများက တောင်းဆိုခဲ့သော်လည်း တူရကီနိုင်ငံ ကမူ ငြင်းဆန်ခဲ့ပါသည်။ NATO အဖွဲ့သို့ အဖွဲ့ဝင်သစ်အဖြစ်ဝင်ရောက်ရန် အဖွဲ့ဝင် အားလုံး၏ သဘောတူညီချက်ရရှိရမည်ဖြစ်သော်လည်း တူရကီသည် NATO အဖွဲ့ဝင် အဖြစ်ပါဝင်မည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အပေါ် ဗီတိုအာဏာအသုံးပြု၍ ပိတ်ပင်ခဲ့ပါ သည်။ သို့သော်လည်း ယခုအခါတွင်မူ NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတို တန်ဘာ့ဂ် (Jens Stoltenberg) ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနှင့်အတူ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အထိ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ကျင်းပပြုလုပ်သည့် NATO ထိပ်သီးဆွေးနွေးပွဲ အတွင်း ဖင်လန်နှင့် ဆွီဒင်ခေါင်းဆောင်များသည် တူရကီသမ္မတနှင့် အကြိတ်အနယ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်တွင် တူရကီနိုင်ငံသည် NATO အဖွဲ့တွင်ပါဝင်ရန် ဆန့်ကျင်နေမှုအား ရုပ်သိမ်းခဲ့ပါသည်။ အလားတူ တူရကီ၏ ၂၀၁၉ ခုနှစ်တွင် ဆီးရီးယားသို့ ပြုလုပ်ခဲ့သည့် ကျုးကျော်စစ်ကြောင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က တူရကီအပေါ်ချမှတ် ထားသည့် လက်နက်တင်ပို့မှုတားမြစ်ချက်ကိုလည်း ပြန်လည်ရုပ်သိမ်းရန် အပြန်အလှန် အားဖြင့် သဘောတူညီခဲ့ပါသည်။ လက်နက်တင်ပို့မှုတားမြစ်ချက်အား ဖယ်ရှားပေးရေးနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ခြင်းအပါအဝင် တူရကီ၏စိုးရိမ်မှုများကို ဖြေရှင်းပေးရမည် ဟူသောအချက်များပါဝင်သည့် သဘောတူညီချက်တစ်ရပ်ကိုလည်း ဖင်လန်၊ ဆွီဒင်နှင့် တူရကီတို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း တွေ့ရှိရပါသည်။ တူရကီနိုင်ငံအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖယ်ရှား၍ ၎င်းတို့အား NATO အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ခြင်းကြောင့် NATO တပ်ဖွဲ့ဝင်အင်အား ကြီးထွားလာမည်မှန်သော်လည်း တစ်ဖက်တွင်မူ ရုရှားနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment