Laprensalatina;Jun-19(Sun)
ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအပေါ် တူရကီနိုင်ငံက ကန့်ကွက်တားဆီးလျက်ရှိခြင်းကြောင့် NATO အဖွဲ့အနေဖြင့် အဆိုပါတားဆီးပိတ်ပင်မှု များအား ရပ်တန့်ပေးရန် ဖင်လန်ဝန်ကြီးချုပ် ဆန်နာမရိန် (Sanna Marin) က ဇွန်လ ၁၉ ရက်တွင် တောင်းဆိုခဲ့ကြောင်း Laprensalatina သတင်းဝဘ်ဆိုဒ်က ရေးသားဖော်ပြ ခဲ့ပါသည်။ စပိန်နိုင်ငံ၊ မက်ဒရစ် (Madrid) မြို့၌ လာမည့်ဇွန်လအကုန်တွင် ကျင်းပပြုလုပ် သွားမည့် NATO ထိပ်သီး အစည်းအဝေးမတိုင်မီ NATO အဖွဲ့ဝင်နိုင်ငံအများစုအနေဖြင့် အဆိုပါပြဿနာအား ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မရိန်က ဆက်လက် ပြောကြားခဲ့ပါသည်။ ထို့နောက် တူရကီနိုင်ငံ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများအပေါ် အလေးအနက်ထားပြီး အဆိုပါနားလည်မှုလွဲမှားခြင်းများကို ပြင်ဆင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း မရိန်က ပြောကြားခဲ့ပါသည်။
NATO ၊ ဆွီဒင်နှင့် တူရကီနိုင်ငံတို့၏ သုံးပွင့်ဆိုင်ဆွေးနွေးမှုကို ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ဇွန်လ ၂၀ ရက်တွင် ပြန်လည်စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဖင်လန်သမ္မတရုံးက Tweeter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့ပါသည်။ သို့သော်လည်း ယခုအချိန်ထိ တူရကီနိုင်ငံသည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အား NATO အဖွဲ့သို့ဝင်ရောက်မှုအပေါ် ကန့်ကွက်နေဆဲဖြစ်ပြီး နှစ်နိုင်ငံစလုံးအနေဖြင့် အကြမ်းဖက် ဝါဒကို ကျောထောက်နောက်ခံပေးထားကြောင်းနှင့် တူရကီနိုင်ငံရှိ ကာ့ဒ်အလုပ်သမား ပါတီ (PKK) အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ပေးမှုများလုပ်ဆောင်လျက်ရှိကြောင်း တူရကီက စွပ်စွဲပြောကြားခဲ့ပါသည်။ NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်န်စတို တန်ဘာ့ဂ် (Jens Stoltenberg) သည် အဆိုပါပြဿနာအား ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း တူရကီနိုင်ငံသည် ၎င်းနိုင်ငံများပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် မေလ ၁၈ ရက်တွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်ဖြစ်ရေးကို တရားဝင်လျှောက်လွှာတင်သွင်းမှုများပြုလုပ်ခဲ့ပါသည်။ ၎င်းကဲ့သို့ လျှောက်ထားမှုကို NATO အဖွဲ့ဝင်နိုင်ငံများက ထောက်ခံအားပေးခဲ့ကြသော်လည်း တူရကီ နိုင်ငံက ကန့်ကွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုအပေါ် တူရကီနိုင်ငံက ဆန့်ကျင်ကန့်ကွက်လျက်ရှိခြင်း ကြောင့် ဖင်လန်ဝန်ကြီးချုပ် ဆန်နာမရိန် (Sanna Marin) က အဆိုပါတားဆီးပိတ်ပင်မှု များအား ရပ်တန့်သွားရန် တောင်းဆိုခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် တူရကီ နိုင်ငံရှိ ကာ့ဒ်အလုပ်သမားပါတီ (PKK) အကြမ်းဖက်အဖွဲ့အား ထောက်ပံ့မှုများလုပ်ဆောင် လျက်ရှိခြင်းကြောင့် တူရကီနိုင်ငံအနေဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနိုင်ငံနှစ်နိုင်ငံ၏ လုပ်ဆောင်မှုများသည် တူရကီနိုင်ငံအား လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေ လျက်ရှိပါသည်။ သို့သော်လည်း အဆိုပါပြဿနာရပ်နှင့်စပ်လျဉ်း၍ လာမည့်ဇွန်လအကုန် တွင် စပိန်နိုင်ငံ၊ မက်ဒရစ် (Madrid) မြို့၌ကျင်းပပြုလုပ်သွားမည့် NATO ထိပ်သီးအစည်းအဝေး မတိုင်မီ ကာကွယ်ရေးမဟာမိတ်နိုင်ငံအများစုအနေဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် မရိန်အနေဖြင့် ယုံကြည်ပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ နိုင်ငံက ဖြစ်ပေါ်လျက်ရှိသောစိုးရိမ်မှုများကို ဖြေရှင်းပေးရန်နှင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံ တို့အား NATO အဖွဲ့ဝင်ဖြစ်ရေးတို့အတွက် စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်သွားရန် NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်န်စတိုတန်ဘာ့ဂ် (Jens Stoltenberg) သည် ဇွန်လ ၁၂ ရက်တွင် ဖင်လန်နိုင်ငံသို့သွားရောက်၍ ဖင်လန်သမ္မတ ဆော်လီနီနီစတို (Sauli Niinisto) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ NATO အဖွဲ့အနေဖြင့် ၎င်း၏မဟာမိတ်နိုင်ငံများဖြစ်သည့် ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့အား NATO အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် လက်ခံလိုသော်လည်း ပင်လယ်နက်တွင် မဟာဗျူဟာအရအရေးပါသော အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံ၏အလိုကို လွန်ဆန်နိုင်ဖွယ်မရှိခြင်းကြောင့် ၎င်းနှစ်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေးမှာ နှောင့်နှေး ကြန့်ကြာမှုများနှင့် ဆက်လက်ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment