Webindia; Sep-13 (Tue)
တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့ရှိ ဝီဂါမွတ်စလင်များဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (Uyghur NGOs) သည် စက်တင်ဘာလ ၁၂ ရက်တွင် ဆာရီယာ (Sariyer) ခရိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီး၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အကြောင်းပြ၍ တရုတ်နိုင်ငံမှ အစာရေစာပြတ်လပ်စေခြင်းဖြင့် ဆောင်ရွက်နေသည့် လူမျိုးတုံးသတ်ဖြတ်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း Webindia သတင်းဌာနက စက်တင်ဘာလ ၁၃ ရက်တွင်ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံ၊ ရှင်ကျန်း (Xinjiang) ပြည်နယ်၊ အရှေ့တာကစ္စတန်ဒေသတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုမြင့်တက်လာခြင်းအား ကြိုတင်ကာကွယ်မှုအနေဖြင့် အသွားအလာကန့်သတ်မှု (lockdown) များချမှတ်ထားစဉ်ကာလအတွင်းမှာပင် အထက်ပါအတိုင်း ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ဒေသခံမီဒီယာများ၏ဖော်ပြချက်အရ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ဆန္ဒပြသူ ၃,၀၀၀ မှ ၃,၅၀၀ ဦးခန့်သည် ဆာရီယာခရိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် မိုးများရွာသွန်းလျက်ရှိနေသော်လည်း နံနက် ၁၁ နာရီခန့်တွင် စုဝေးခဲ့ကြခြင်းဖြစ်ပါသည်။
ဆန္ဒပြပွဲတွင် အရှေ့တာကစ္စတန် (East Turkestan) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဆီရစ်တမ်တာ့ခ် (Seyit Tumturk)၊ ဝီဂါဘာသာရေးပညာရှင်များဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ မာမွတ်ကန် (Mahmud Can)၊ အရှေ့တာကစ္စတန်အဖွဲ့ချုပ်ခေါင်းဆောင် မာမွတ် အီမင်ဒါမိုလ်လက် (Mahmud Emin Damollah)၊ ဝီဂါလူမျိုးများဆိုင်ရာတက်ကြွ လှုပ်ရှားသူရှေ့နေ ဂျက်ဗ်ရှိရာမန်မတ် (Jevlan Shirmemmet) အပါအဝင် ပညာရေး သမားများနှင့် သတင်းထောက်အချို့ပါဝင်ခဲ့ကြပါသည်။ အဆိုပါဆန္ဒပြမှုအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်ရန် ရှင်ဘုန်းပြည်နယ်၊ အရှေ့တာကစ္စတန်ဒေသတွင် လူမျိုးတုံး သတ်ဖြတ်မှုများပြုလုပ်သည့် တရုတ်၏မူဝါဒများကိုရှုတ်ချခဲ့ကြပါသည်။ ဝီဂါလူမျိုး အဖွဲ့အစည်း ၆ ဖွဲ့၊ ၇ ဖွဲ့နီးပါးသည် ၎င်းတို့၏ညီအစ်ကိုများအပေါ် စည်းလုံးညီညွတ်မှု ပြသသည့်အနေဖြင့် စုဝေးခဲ့ကြရာမှတစ်ဆင့် ၎င်းဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့ကြပါသည်။ အဆိုပါ NGO များသည် တူကီယဲနိုင်ငံ၊ အန်ကာရာ မြို့ရှိ တရုတ်သံရုံးနှင့် ကုလသမဂ္ဂရုံးရှေ့များတွင်လည်း စက်တင်ဘာလ ၁၄ ရက်၌ ဆန္ဒဖော်ထုတ်သွားရန်စီစဉ်လျက်ရှိကြပါသည်။ ထို့ပြင် ယခင်က ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားတွင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုများအား ကြားဝင်ဆောင်ရွက် ပေးခဲ့သည့် NATO အဖွဲ့ထံသို့လည်း စာတစ်စောင်ရေးသားပေးပို့သွားရန် ရည်ရွယ် ထားကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဝီဂါလူမျိုးများသည် တူကီယဲလူမျိုးများနှင့် လူမျိုးရေး၊ ဘာသာဗေဒနှင့် တိုင်းရင်းသားရိုးရာများလည်းတူညီကြပါသည်။ တရုတ်နိုင်ငံ၊ ရှင်ကျန်း (Xinjiang) ပြည်နယ်၊ အရှေ့တာကစ္စတန်တွင် ဖြစ်ပေါ်နေသော အတင်းအကျပ်လုပ်အားပေးခိုင်းစေမှု၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားများကို အမြစ်ပြတ်သုတ်သင်ခြင်း၊ ဗလီများနှင့် အစ္စလာမ် စာပေကို ဖျက်ဆီးခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အတင်းအကျပ်သားကြောဖြတ်စေခြင်း တို့ကို ကန့်ကွက်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် ဝီဂါမွတ်စလင်များ ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် တစ်ကမ္ဘာလုံးတွင် ဆန္ဒပြပွဲများကျင်းပ ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ ထို့ကြောင့် ဗြိတိန်၊ ကနေဒါ၊ အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံရှိမြို့များ၌ ၎င်းအဖွဲ့အစည်းများက ဆန္ဒဖော်ထုတ်ပွဲများကျင်းပခဲ့ကြပါသည်။ လက်ရှိတွင် တရုတ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကိုအကြောင်းပြ၍ ကြိုတင်ကာကွယ်မှုအနေဖြင့် ရှင်ကျန်းပြည်နယ်၊ အရှေ့တာကစ္စတန်ဒေသတွင် အသွားအလာကန့်သတ်မှု (lockdown) များချမှတ်၍ အစာရေစာပြတ်လပ်စေခြင်းဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများကို ဆောင်ရွက်နေကြောင်း စွပ်စွဲပြောကြားမှုများ ထွက်ပေါ်လျက်ရှိပါသည်။ ထိုကဲ့သို့ဆောင်ရွက်နေမှုကို ဆန့်ကျင် ဆန္ဒပြရန်အတွက် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၊ ဆာရီယာ (Sariyer)ခရိုင်ရှိ တရုတ် ကောင်စစ်ဝန်ရုံးအနီး၌ ဆန္ဒပြသူ ၃,၀၀၀ မှ ၃,၅၀၀ ခန့်သည် စက်တင်ဘာလ ၁၂ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် မိုးများရွာသွန်းလျက်ရှိနေသည့်ကြားမှ စုံရုံးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့သည် တူကီယဲနိုင်ငံ၊ အန်ကာရာမြို့ရှိ တရုတ်သံရုံးနှင့် ကုလသမဂ္ဂရုံးရှေ့များ တွင်လည်း စက်တင်ဘာလ ၁၄ ရက်၌ ဆန္ဒဖော်ထုတ်သွားရန် စီစဉ်လျက်ရှိကြပါသည်။ တရုတ်အစိုးရ၏ တူကီယဲနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုကြောင့် တူကီယဲသည် နိုင်ငံ၏စီးပွားရေးထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ဝီဂါအသိုက်အဝန်း အရေးတွင် လျစ်လျူရှုခြင်းများဆောင်ရွက်ခဲ့ပါသည်။ သို့ဖြစ်၍ ဝီဂါလူမျိုးစုများအား တရုတ်၏ဖြိုခွင်းမှုအပေါ် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများ မြင့်တက်လာခဲ့သည့်အတွက် တူကီယဲနိုင်ငံသည်လည်း ၎င်းအရေးနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခြင်းမျိုး မဟုတ်ဘဲ ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းသွားနိုင်ဖွွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment