Saturday, September 17, 2022

ပိုလန်နိုင်ငံသည် ရုရှားနိုင်ငံအပေါ်မှီခိုနေရမှုအား လျှော့ချရန်အတွက် တူးမြောင်းသစ်တစ်ခုအား ဖွင့်လှစ်ခဲ့ခြင်း

Anadolu Agency;Sep-18(Sun)
ပိုလန်နိုင်ငံသည် စက်တင်ဘာလ ၁၇ ရက်တွင် တူးမြောင်းသစ်တစ်ခုအား ဖွင့်လှစ်ခဲ့ရာ အဆိုပါတူးမြောင်းသစ်ကြောင့် ဘောလ်တစ်ပင်လယ်မှ ၎င်းနိုင်ငံပိုင် ဗစ်တူ လာလာဂွန်း (Vistula Lagoon) ဆိပ်ကမ်းသို့သွားလာရာတွင် ရုရှားနိုင်ငံထံမှ ခွင့်ပြုချက် တောင်းခံစရာမလိုအပ်တော့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတူးမြောင်းသစ်ဖွင့်ပွဲတွင် ပိုလန်နိုင်ငံတော်သီချင်း အား ဖွင့်လှစ်ထားသည့်အပြင် ပိုလန်နိုင်ငံသားရာပေါင်းများစွာကလည်း ပိုလန်အလံများကို ကိုင်ဆောင်၍ စုဝေးတက်ရောက်ခဲ့ကြပါသည်။ တူးမြောင်းသစ်ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းဒေသသို့ ရေလမ်းကြောင်းမှတစ်ဆင့်သွားလာရာတွင် ရုရှားနိုင်ငံ ထံမှ ခွင့်ပြုချက်တောင်းခံနေရမှုကို ရှောင်ရှားနိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ တူးမြောင်းသစ်ဖွင့်လှစ်နိုင်ခြင်းကြောင့် ၎င်းဒေသရှိ မြေယာများ၏တန်ဖိုးများ မြင့်တက် လာသကဲ့သို့ ဆိပ်ကမ်းများနှင့် မြို့များ၏ ဖွံ့ဖြိုးမှုလည်းတိုးတက်လာမည်ဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) က တူးမြောင်းသစ်ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

လက်ရှိ တူးမြောင်းသစ်အား အမေရိကန်ဒေါ်လာ သန်း ၄၂၀ အကုန်အကျခံ၍ တည်ဆောက်ထားခြင်းဖြစ်ပြီး တူးမြောင်းသစ်ဖွင့်လှစ်နိုင်ခြင်းကြောင့် ဘောလ်တစ်ပင်လယ်နှင့် ဂျီဒါနက် (Gdansk) ပင်လယ်ကွေ့တို့မှ အဲလက် (Elblag) မြို့နှင့် ပိုလန်မြောက်ပိုင်းရှိ ဆိပ်ကမ်းငယ်များသို့သွားလာရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေစေမည်ဖြစ်ပါသည်။ အဆိုပါတူးမြောင်းသစ်မဖွင့်လှစ်မီအချိန်က ပိုလန်နိုင်ငံမှ သင်္ဘောများနှင့် ရေယာဉ်များ သည် ရုရှားနိုင်ငံ၊ ကာလီနင်ဂရက်ဒေသရှိ ပီလာဝါရေလက်ကြား (Pilawa Strait) မှ တစ်ဆင့်သာ ဖြတ်သန်းသွားလာရလျက်ရှိပါသည်။ လက်ရှိ တူးမြောင်းသစ်ဖွင့်လှစ်နိုင်မှု ကြောင့် ဘောလ်တစ်ပင်လယ်မှ အဲလက် (Elblag) သို့သွားရောက်ရာတွင် ရေမိုင် ၆၂.၁ မိုင်ခန့် ပိုမိုတိုတောင်းသွာမည်ဖြစ်ပါသည်။ ၎င်းတူးမြောင်းအား အပြီးသတ်ဖောက်လုပ်ရခြင်း မရှိသေးသောကြောင့် သင်္ဘောငယ်များနှင့် ရွက်လှေများသာ ဖြတ်သန်းသွားလာနိုင်ပြီး ကုန်တင်သင်္ဘောများ သွားလာနိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ပိုလန်နိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခုမဟုတ်သော်လည်း ၎င်းနိုင်ငံ၏ မြောက်ပိုင်းရှိ မြို့များသည် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက်ဒေသနှင့် နီးကပ်လျက်ရှိသည့် အပြင် အဆိုပါဒေသသို့ ရေလမ်းကြောင်းမှသွားလာရာတွင်လည်း ပီလာဝါရေလက်ကြား (Pilawa Strait) မှတစ်ဆင့်သာ ဖြတ်သန်းသွားလာမှုပြုလုပ်ရလျက်ရှိပါသည်။ အဆိုပါ ပီလာဝါ ရေလက်ကြားသည် ရုရှားနိုင်ငံပိုင်ဖြစ်သောကြောင့် ၎င်းရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာမှုပြုလုပ်ရာတွင် ရုရှားအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံနေရ လျက်ရှိပါသည်။ ပိုလန်အစိုးရသည် ထိုကဲ့သို့ခွင့်ပြုချက်တောင်းခံနေရမှုကို ရှောင်ရှားနိုင်ရန် အတွက် တူးမြောင်းသစ်တစ်ခုကို စက်တင်ဘာလ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ သည်။ ၎င်းတူးမြောင်းသစ်သည် အရှည် ၁,၃၀၅ မီတာရှိပြီး အလျား ၁၀၀ မီတာနှင့် အကျယ် ၂၀ မီတာရှိသည့် ရေယာဉ်များ ဖြတ်သန်းသွားလာနိုင်ဖွယ်ရှိပါသည်။ ၎င်း တူးမြောင်းသစ်ဖွင့်လှစ်နိုင်ခြင်းကြောင့် ပိုလန်နိုင်ငံမြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့များသို့ သွားလာရာတွင် ရုရှားနိုင်ငံအပေါ်မှီခိုနေရမှုအား လျှော့ချနိုင်ဖွယ်ရှိသည့်အပြင် ဘောလ်တစ် ပင်လယ်မှ အဲလက် (Elblag) မြို့သို့သွားလာရာတွင်လည်း ယခင်ကထက် ရေမိုင် ၆၂.၁ မိုင်ခန့် လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ ၎င်းတူးမြောင်းသစ်အား အပြီးသတ်တည်ဆောက် ရခြင်းမရှိသေးသည့်အတွက် သင်္ဘောငယ်များနှင့် ရွက်လှေများသာ လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ကုန်တင်သင်္ဘောကြီးများမှာမူ ဖြတ်သန်းသွားလာမှု ပြုလုပ်နိုင်ဖွယ်မရှိသေးသည်ကို တွေ့ရှိရပါသည်။ ၎င်းတူးမြောင်းသစ်သည် ပိုလန်နိုင်ငံ မြောက်ပိုင်းရှိ မြို့များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည့် အပြင် တူးမြောင်းရှိရာဒေသ၏ မြေတန်ဖိုးများကိုလည်း တိုးမြင့်စေမည်ဖြစ်ကြောင်း ပိုလန်သမ္မတက ပြောကြားထားပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံသည် ၎င်းတူးမြောင်းသစ် ဖွင့်လှစ်နိုင်ခြင်းဖြင့် ရေလမ်းကြောင်းမှတစ်ဆင့် သွားလာမှုပြုလုပ်ရာတွင် ရုရှားနိုင်ငံ အပေါ်မှီခိုနေရမှုကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာ ပိုမိုခိုင်မာ လာဖွယ်ရှိသည့်အပြင် နိုင်ငံ၏မြောက်ဘက်ဒေသရှိ မြို့/ရွာများမှာလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


တူးမြောင်းသစ်၏ပုံ

No comments:

Post a Comment