TRT World; Sep-16(Fri)
တူကီယဲနှင့် အမေရိကန်နိုင်ငံတို့သည် ကာကွယ်ရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း TRT World သတင်းဌာနက စက်တင်ဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံ အနေဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃) ကြိမ်မြောက် တူကီယဲ-အမေရိကန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ (Türkiye-US Strategic Mechanism Dialogue) တွင် အထက်ပါအတိုင်း သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။ ၎င်းဆွေးနွေးပွဲတွင် တူကီယဲဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဆက်ဒက်အွန်နယ် (Sedat Onal) နှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှာမန် (Wendy Sherman) တို့သည် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံခြားရေးဌာနအမြဲတမ်းအတွင်းဝန် ဗစ်တိုးရီးယားနူလန်း (Victoria Nuland) အပါအဝင် တူကီယဲနှင့် အမေရိကန်တို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံကိုယ်စားလှယ်များသည် ရေရှည်တည်ငြိမ်အေးချမ်း စေရေးနှင့် ကာကွယ်ရေးဆိုင်ရာမိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာအောင် ဆောင်ရွက်သွားမည့် နှစ်နိုင်ငံကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည့် အပြင် ကမ္ဘာလုံးနှင့် ဒေသတွင်းဆိုင်ရာအရေးကိစ္စများတွင် မဟာဗျူဟာမြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း တူကီယဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူကီယဲနှင့် အမေရိကန်ကိုယ်စားလှယ်များသည် နှစ်နိုင်ငံအကြား စွမ်းအင်အပြန်အလှန်ထောက်ပံ့မှု ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment