Sputnik; Aug-27(Sat)
တူကီယဲ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့မှ ကိုယ်စားလှယ်များသည် ဩဂုတ်လ ၂၆ ရက်တွင် ဖင်လန်နိုင်ငံ၊ ဗန်တာ (Vantaa) မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ၎င်းတို့ ၃ နိုင်ငံအကြား၌ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ ပညာရှင်အဆင့်ဆွေးနွေးပွဲများကို လာမည့်ဆောင်းဦးရာသီတွင် ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း ဖင်လန်အစိုးရက ပြောကြားခဲ့သည်ဟု Sputnik သတင်း ဌာနက ဩဂုတ်လ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ယူကရိန်း-ရုရှားစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ၃ လခန့်အကြာ မေလ ၁၈ ရက်တွင် NATO အဖွဲ့သို့ဝင်ရောက်လိုကြောင်း တရားဝင်လျှောက်ထားမှုပြုလုပ်ခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် တူကီယဲနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Worker’s Party-PKK) အား ကာလရှည်ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု ယူဆလျက်ရှိသောကြောင့် အဆိုပါနှစ်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို တူကီယဲနိုင်ငံက အစောပိုင်းတွင် ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့ပါ သည်။ သို့သော် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ ၃ နိုင်ငံအကြားတွင် အကြမ်းဖက်တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် သဘောတူ ထားသည့် နားလည်မှုစာချွန်လွှာတစ်စောင်အား ဇွန်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ရာ ၎င်းအချိန်မှစတင်၍ တူကီယဲနိုင်ငံသည် အဆိုပါနှစ်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုအပေါ် ပိတ်ပင်တားဆီးနေမှုအား ဖယ်ရှားပေးခဲ့ပါသည်။ လက်ရှိအချိန်တွင် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်မှာ စတုတ္ထအဆင့်သို့ ရောက်ရှိလျက်ရှိပြီး အဆိုပါအဆင့်တွင် NATO အဖွဲ့ဝင် ၃၀ နိုင်ငံက ၎င်းတို့၏ ပြည်တွင်း ဥပဒေများနှင့်အညီအတည်ပြုနိုင်ရေး လုပ်ဆောင်လျက်ရှိပါသည်။ ဩဂုတ်လ ၂၅ ရက် အထိ စာရင်းများအရ NATO အဖွဲ့ဝင် ၃၀ နိုင်ငံအနက် ၂၃ နိုင်ငံမှာ ဆွီဒင်နှင့် ဖင်လန် တို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ပြည်တွင်းဥပဒေများနှင့်အညီ အတည်ပြုထားပြီးဖြစ်ပါသည်။ အတည်ပြုရန်ကျန်ရှိသည့် ၇ နိုင်ငံမှာ စပိန်၊ ဂရိ၊ ပေါ်တူဂီ၊ ဆလိုဗက်ကီးယား၊ တူကီယဲ၊ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့ဖြစ်ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment