Tuesday, September 13, 2022

ရိုမေးနီးယားနိုင်ငံသည် မော်လ်ဒိုဗာနိုင်ငံအား သဘာဝဓာတ်ငွေ့ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဆိုခြင်း

Xinhua; Sep-14(Wed)

ရိုမေးနီးယားနိုင်ငံအနေဖြင့် မော်လ်ဒိုဗာနိုင်ငံအတွက် လိုအပ်သော သဘာဝ ဓာတ်ငွေ့များအား ထောက်ပံ့ဖြည့်တင်းရေး၊ ဖြတ်သန်းတင်ပို့နိုင်ရေးနှင့် သိုလှောင်မှုဆိုင်ရာ ကိစ္စရပ်များကို နည်းလမ်းရှာဖွေဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရိုမေးနီးယား ဝန်ကြီးချုပ် နီကိုးလဲ့ချုကာ (Nicolae Ciuca) က ၎င်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိ နေသည့် မော်လ်ဒိုဗာဝန်ကြီးချုပ် နတာလီရာဂါဗရီလီတာ (Natalia Gavrilița) နှင့် စက်တင်ဘာလ ၁၃ ရက်၌ ပြုလုပ်သည့်တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့အနေဖြင့် မော်လ်ဒိုဗာ နိုင်ငံအတွက် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ရေးအပါအဝင် ရိုမေးနီးယားနိုင်ငံမှ မော်လ်ဒိုဗာနိုင်ငံသို့ တိုက်ရိုက်ငွေကြေးကူညီပံ့ပိုးမှုဆိုင်ရာ စီမံကိန်းများ၏ လက်ရှိ အကောင်အထည်ဖော်မှုအဆင့်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရိုမေးနီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထို့ပြင် ရိုမေးနီးယားနိုင်ငံမှတစ်ဆင့် မော်လ်ဒိုဗာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားတင်ပို့ ရာတွင် လက်ရှိသွယ်တန်းထားသော အခြေခံအဆောက်အအုံများမှတစ်ဆင့် ပံ့ပိုးပေးမည် ဖြစ်ပြီး အပြန်အလှန်ချိတ်ဆက်နိုင်သည့် လမ်းကြောင်းအသစ်များကိုလည်း ကာလလတ်နှင့် ကာလရှည်စီမံကိန်းများချမှတ်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှု အတွင်း ဆွေးနွေးခဲ့ကြပါသည်။ လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်ကားဖြတ်သန်း သွားလာမှုများ များပြားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းဆောင်ရွက်နိုင်စေရန်အတွက် နယ်စပ်ဖြတ်ကျော်ရေးဂိတ်အသစ်တစ်ခုကို ဖွင့်လှစ် သွားရန်လည်း နှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

သုံးသပ်ချက် ယူကရိန်းနှင့် ရိုမေးနီးယားနိုင်ငံတို့အကြားတည်ရှိသည့် မော်လ်ဒိုဗာနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၃,ဝဝဝ ကျော်သာရှိသည့်အတွက် အရှေ့ဥရောပနိုင်ငံများ အနက် အသေးငယ်ဆုံးကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံသည် ရုပ်ကြွင်း လောင်စာသယံဇာတရှားပါးသည့်အတွက် လိုအပ်သည့် စွမ်းအင်များအားလုံးကိုလည်း ပြည်ပနိုင်ငံများမှတင်သွင်းနေရပါသည်။ အဓိကအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုသော်လည်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲသက်ရောက်မှု အဖြစ် ရုရှားနိုင်ငံသည် ဥရောပနိုင်ငံများအပေါ် သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုကြောင့် မော်လ်ဒိုဗာနိုင်ငံအပေါ် ဂယက်ရိုက်ခတ်စေခဲ့ပါသည်။ ထိုကဲ့သို့ အကျပ်အတည်းများ ဖြစ်ပေါ် နေသည့် မော်လ်ဒိုဗာနိုင်ငံအတွက် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ရေးအပါအဝင် မော်လ်ဒိုဗာနိုင်ငံသို့တိုက်ရိုက်ငွေကြေးကူညီ ပံ့ပိုးမှုဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော် ပေးရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရိုမေးနီးယားအစိုးရက ထုတ်ပြန်ခဲ့ပါ သည်။ ထို့ပြင် နှစ်နိုင်ငံအကြား သွယ်တန်းထားသည့်ပိုက်လိုင်းမှတစ်ဆင့်လည်း လျှပ်စစ် ဓာတ်အားတင်ပို့မှုများကို တိုးမြှင့်သွားမည်ဖြစ်သည့်အပြင် အပြန်အလှန်ချိတ်ဆက်နိုင်သည့် လမ်းကြောင်းအသစ်များကိုလည်း ကာလလတ်နှင့် ကာလရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော်၍ ထောက်ပံ့ပေးရန်စီစဉ်လျက်ရှိပါသည်။ မကြာမီရောက်ရှိလာမည့် ဥရောပဆောင်းရာသီအတွက် ဥရောပနိုင်ငံအားလုံးသည် အပူပေးလောင်စာများ မဖြစ်မနေလိုအပ်လာသည့်နည်းတူ မော်လ်ဒိုဗာနိုင်ငံ၏ လိုအပ်ချက်များမှာလည်း မြင့်တက် လျက်ရှိပါသည်။ ထို့ကြောင့် ၎င်း၏မဟာမိတ်နိုင်ငံများထံမှ အကူအညီတောင်းခံလာခဲ့ပြီး အကျပ်အတည်းများကို ဖြေရှင်းရန်ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ရိုမေးနီးယား နိုင်ငံ၏ထောက်ပံ့ကူညီမှုသည် မော်လ်ဒိုဗာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အကျပ်အတည်း များအပေါ် အတိုင်းအတာတစ်ခုအထိ ကိုင်တွယ်ဖြေရှင်းသွားနိုင်မည်ဖြစ်သော်လည်း နိုင်ငံ အတွင်း စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် အခြားသောကဏ္ဍပေါင်းစုံ၌ ကြိုးစားရုန်းကန် ရဦးမည်သာဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment