Thursday, September 1, 2022
ထရန်စ်နစ္စထရီးယားဒေသရှိ ရုရှားတပ်ဖွဲ့ဝင်များ၏လုံခြုံရေးကို ခြိမ်းခြောက်မှုမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးက မော်ဒိုဗာနိုင်ငံအား သတိပေးပြောကြားခဲ့ခြင်း
TrtWorld; Sep-2(Fri)
မော်ဒိုဗာနိုင်ငံ၊ ခွဲထွက်ဒေသဖြစ်သည့် ထရန်စ်နစ္စထရီးယား (Transnistria) ဒေသရှိ ရုရှားတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကိုခြိမ်းခြောက်ခြင်းသည် ရုရှားနိုင်ငံနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားစေနိုင်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) က မော်ဒိုဗာနိုင်ငံအား သတိပေးပြောကြားခဲ့ကြောင်း TrtWorld သတင်း ဌာနက စက်တင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဒေသရှိ ရုရှားတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကိုခြိမ်းခြောက်မည်ဆိုပါက ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရုရှားငြိမ်းချမ်းရေး တပ်ဖွဲ့များရှိသည့် တောင်အော်ဆက်တီးယား (South Ossetia) ဒေသကို ဂျော်ဂျီယာ နိုင်ငံက တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အတိုင်း အကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ၎င်းကဲ့သို့ ခြိမ်းခြောက်မှုကိုလည်း ရုရှားနိုင်ငံအပေါ် တိုက်ခိုက်မှုတစ်ခုအဖြစ်ရှုမြင်ပြီး နိုင်ငံတကာဥပဒေနှင့်အညီ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။
မော်ဒိုဗာအစိုးရ၏ ထိန်းချုပ်မှုအောက်ရှိ ထရန်စ်နစ္စထရီးယားဒေသကို ရုရှား လိုလားသောခွဲထွက်ရေးသမားများက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့ များသည် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အဆိုပါဒေသတွင် တပ်စွဲထားခဲ့ခြင်းဖြစ်ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် ရုရှားနှင့် မော်ဒိုဗာနိုင်ငံတို့အကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့ပြီး ဧပြီလတွင်လည်း ထရန်စ်နစ္စထရီးယားဒေသ၌ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်ခဲ့ပါသည်။ မော်ဒိုဗာအနေဖြင့် ၎င်းတို့နယ်မြေတွင် တရားမဝင်တပ်စွဲထားသော ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာရေးအတွက် တောင်းဆို လျက်ရှိသည့်အပြင် အဆိုပါဒေသတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေးအတွက် လည်း ဆုံးဖြတ်ထားသည်ဟု မော်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဗိုဒါ (Daniel Voda) ၏ ပြောကြားချက်အရ သိရှိရပါသည်။
Labels:
စစ်ရေး,
မော်လ်ဒိုဗာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment