Wednesday, September 14, 2022

ဆွီဒင်အစိုးရသစ်အနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာကတိကဝတ်များကို အကောင်အထည်ဖော်ရန်လိုကြောင်း တူကီယဲက ပြောကြားခဲ့ခြင်း

Trend;Sep-15(Thu)

ဆွီဒင်နိုင်ငံ၌ ရွေးကောက်ပွဲများကျင်းပခဲ့ပြီးဖြစ်ကြောင်းနှင့် အစိုးရသစ်အနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးအတွက် တူကီယဲနိုင်ငံနှင့်လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Chavushoglu) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွီဒင်အစိုးရသစ်အနေဖြင့် နားလည်မှုစာချွန်လွှာပါ ဆောင်ရွက်ရမည့်အချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိပါက တူကီယဲလွှတ်တော်အနေဖြင့်လည်း ၎င်းတို့၏ NATO အဖွဲ့ဝင်ဖြစ်ခွင့်ရရှိရေး လျှောက်ထားချက် များကို အတည်ပြုနိုင်ရေး လုပ်ဆောင်သွားမည်မဟုတ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ဆွီဒင်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲမတိုင်မီကပင် နားလည်မှု စာချွန်လွှာပါကတိကဝတ်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

တူကီယဲနိုင်ငံအနေဖြင့် အဆိုပါအရေးကိစ္စနှင့်ပတ်သက်၍ အချိန်ကန့်သတ်ချက် များချမှတ်ထားခြင်းမရှိသော်လည်း ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အနေဖြင့် ၎င်းတို့၏ NATO အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ကတိကဝတ်ပါ အချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် တူကီယဲနိုင်ငံက တောင်းဆိုထားသည့် အကြမ်းဖက်သမားများအားလွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ၎င်းတို့ နိုင်ငံများ၏ ဥပဒေများအား ပြင်ဆင်မှုပြုလုပ်ရန်လိုအပ်ကြောင်း အစောပိုင်းကာလတွင် ဖော်ပြခဲ့ကြသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် NATO အဖွဲ့သို့ဝင်ရောက်နိုင်ရေးအတွက် တူကီယဲ နိုင်ငံနှင့် ၃ နိုင်ငံ နားလည်မှုစာချွန်လွှာတစ်ရပ်အား ဇွန်လ ၂၈ ရက်တွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များကို တုံ့ပြန်တားဆီးနိုင်ရေးနှင့် ၎င်းတို့နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်တွင် NATO အဖွဲ့ဝင်နိုင်ငံများ အဖြစ် လျှောက်ထားခဲ့ကြပါသည်။ အဆိုပါလျှောက်ထားမှုနှင့်ပတ်သက်၍ ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့သည် တူကီယဲနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် ကာ့ဒ်အကြမ်းဖက် သမားများကို ထောက်ခံအားပေးလျက်ရှိသည်ဟုပြောကြားကာ ၎င်းတို့ NATO အဖွဲ့ဝင် အဖြစ်လျှောက်ထားမှုများကို တူကီယဲနိုင်ငံက ကန့်ကွက်မှုများလုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ပြုလုပ်သည့် NATO ထိပ်သီး အစည်းအဝေးတွင် တူကီယဲ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သောကြောင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုများကို တူကီယဲနိုင်ငံက လက်ခံ ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် တူကီယဲနိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ အကြမ်းဖက်သူများဟု သံသယရှိသူများကို ၎င်းတို့နိုင်ငံများတွင် လက်ခံခြင်းမပြုရန်နှင့် တူကီယဲနိုင်ငံသို့ ပြန်လည်လွှဲပြောင်းမှုများလုပ်ဆောင်ပေးရန်တို့ ပါဝင်ပါသည်။ ဆွီဒင် နိုင်ငံ၌ စက်တင်ဘာလ ၁၁ ရက်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ကာ လက်ရှိဝန်ကြီးချုပ် ဖြစ်သူ မာဂယ်လီနာ အန်ဒါဆန် (Magdalena Andersson) သည် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီရှုံးနိမ့်ခဲ့သောကြောင့် စက်တင်ဘာလ ၁၄ ရက်တွင် ရာထူးမှနုတ်ထွက်ရန် ကြေညာထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ယခင်အစိုးရလက်ထက်တွင် လိုက်ပါ ဆောင်ရွက်ခြင်းမရှိသည့် ကတိကဝတ်များနှင့်စပ်လျဉ်း၍ လက်ရှိအနိုင်ရပါတီမှ မကြာမီစတင်တာဝန်ထမ်းဆောင်မည့် ဆွီဒင်အစိုးရသစ်အား ၎င်းတို့၏တောင်းဆိုချက် များကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တူကီယဲနိုင်ငံက သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဆွီဒင်အစိုးရသစ်အနေဖြင့် နားလည်မှုစာချွန်လွှာပါ ကတိကဝတ်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက် ပေးမှသာလျှင် NATO အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက် ပေးနိုင်ခြင်းမရှိပါက ၎င်း၏ NATO အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေးလုပ်ငန်းစဉ်သည်လည်း ဆက်လက်နှောင့်နှေးကြန့်ကြာနေဦးမည်သာဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment