Saturday, December 10, 2022

တူကီယဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ကတိပြုခဲ့ကြခြင်း

Anadolus Agency;Dec-11(Sun)

တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး ရမ်တိန်လမ်မရာ (Ramtane Lamamra) တို့သည် အယ်လ်ဂျီးရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် တူကီယဲ-အယ်လ်ဂျီးရီးယား ပူးတွဲစီမံကိန်း အဖွဲ့အစည်းအဝေး (Turkish-Algerian Joint Planning Group) ၌ တွေ့ဆုံခဲ့ကြောင်း Anadolus Agency သတင်းဌာနက ဒီဇင်ဘာလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း ခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း ၎င်းသတင်းဌာနက ဆက်လက် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကာကွယ်ရေး၊ ရေကြောင်းသွားလာမှု၊ ငါးဖမ်းလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

တူကီယဲနိုင်ငံရှိ ကုမ္ပဏီ ၁၄၀၀ ကျော်ခန့်သည် အယ်လ်ဂျီးရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း မက်ဗလက်ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့အကြား စွမ်းအင်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း မက်ဗလက်ကာဗူဆိုဂလူက အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့သည် မကြာမီကာလတွင် နှစ်နိုင်ငံအကြား လူမှုဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ယဉ်ကျေးမှု စင်တာများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment