Thursday, December 1, 2022

ဆားဘီးယားအစိုးရသည် ရုရှားလိုလားသည့် ပြည်ထဲရေးဝန်ကြီးဟောင်းအား ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း

Euronews; Dec-2(Fri)

ဆားဘီးယားပြည်ထဲရေးဝန်ကြီးဟောင်း အလက်ဇန္ဒားဗူလင် (Aleksander Vulin) အား ထောက်လှမ်းရေးအေဂျင်စီ BIA ၏ ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်ခဲ့ ကြောင်း ဆားဘီးယားအစိုးရက နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဗူလင်သည် ဆားဘီးယားအစိုးရအကြီးအကဲများအကြားတွင် ရုရှားလိုလားသူအဖြစ် မှတ်ယူခံရသူတစ်ဦးဖြစ်ပါသည်။ ဗူလင်သည် ပြည်ထဲရေးဝန်ကြီးအဖြစ် ဩဂုတ်လတွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) နှင့် တွေ့ဆုံကာ ရုရှားအပေါ် အနောက်နိုင်ငံများ၏အရေးယူပိတ်ဆို့မှုများတွင် ဆားဘီးယားက ပါဝင်သွားမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ထို့ပြင် ဆားဘီးယားနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်ကိုစွန့်လွှတ်ပြီး ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်သင့်သည်ဟုလည်း ၎င်းက ပြောကြားထားခဲ့ပါသည်။

ဗူလင်သည် အိမ်နီးချင်းနိုင်ငံများနှင့် ၎င်းနိုင်ငံများ၏ခေါင်းဆောင်များကို မကြာခဏ ပြစ်တင်ဝေဖန်လျက်ရှိပြီး ဥရောပသမဂ္ဂသို့ ခရိုအေးရှားနိုင်ငံက ဝင်ရောက်ခဲ့ ခြင်းကို တားဆီးခဲ့သူဖြစ်ပါသည်။ ဗူလင်အား ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့မှုကြောင့် အနောက်နိုင်ငံများ၏လုံခြုံရေးအေဂျင်စီများနှင့် BIA ၏ ပူးပေါင်း ဆောင်ရွက်မှုသည် ရပ်တန့်သွားနိုင်ဖွယ်ရှိပြီး ဆားဘီးယားသည် ကမ္ဘာ့အသိုက်အဝန်းတွင် အထီးကျန်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း အတိုက်အခံ PSG ပါတီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ အလားတူ အတိုက်အခံ SSP ပါတီ၏ ဒုတိယဥက္ကဋ္ဌ မာရီနီကာ တာပစ် (Marinika Tepic) ကလည်း အထက်ပါခန့်အပ်ခဲ့မှုသည် ဆားဘီးယားအနေဖြင့် အာဏာရှင်စနစ်သို့ ဦးတည်နေသည့်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ BIA အကြီးအကဲအဖြစ် ဗူလင်အားခန့်အပ်ခဲ့မှုသည် အနောက်နိုင်ငံများအပေါ် ဆန့်ကျင်သည့်လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment