The National News;Dec-16(Fri)
ဥရောပသမဂ္ဂခေါင်းဆောင်များသည် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရေးအတွက် ကမ်းလှမ်းမှုကို ဒီဇင်ဘာလ ၁၅ ရက်တွင် သဘောတူခွင့်ပြုခဲ့ကြောင်း The National News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပခေါင်းဆောင်များသည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ဒီဇင်ဘာလ ၁၃ ရက်တွင်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်လောင်းအဖြစ်ခွင့်ပြုရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းနိုင်ငံ၌ ကာလရှည်ကြာမတည်ငြိမ်မှုများနှင့် စစ်ပွဲအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ၎င်းဒေသအရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံများအား အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုရန် လိုလားလျက်ရှိပါသည်။ ဥရောပသမဂ္ဂသည် ပဋိပက္ခများဖြစ်ပွားလျက်ရှိသော ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံတို့အား လွန်ခဲ့သည့် ၆ လအတွင်း အဖွဲ့ဝင်ကိုယ်စားလှယ်လောင်း နိုင်ငံများအဖြစ် ခွင့်ပြုခဲ့ပြီးနောက် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံအနေဖြင့် အဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနိုင်ငံအဖြစ် သတ်မှတ်ခံရသည့် တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါသည်။
အဆိုပါနိုင်ငံများအနေဖြင့် ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် ကန့်ကွက်ခြင်းခံရပါက ရုရှား၊ သို့မဟုတ် တရုတ်နိုင်ငံကဲ့သို့သော အင်အားကြီးနိုင်ငံများက ဘောလ်ကန်ဒေသ အတွင်း ၎င်းတို့၏ဩဇာလွှမ်းမိုးမှုများ ဖြန့်ကြက်လာမည်ကို ဥရောပသမဂ္ဂက စိုးရိမ် လျက်ရှိပါသည်။ ထိုအခြေအနေ၌ အနောက်ဘောလ်ကန်နိုင်ငံများ၏ အနာဂတ်မှာ ဥရောပသမဂ္ဂအပေါ် မူတည်လျက်ရှိကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်မစ်ချယ် (Charles Michel) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့နောက် ဥရောပသမဂ္ဂအမှုဆောင် ဌာနခွဲသည် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံအား အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ တရားဝင် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များမလုပ်ဆောင်မီ အဖွဲ့ဝင်ဖြစ်ရေးအတွက် ဘော့စနီးယား နိုင်ငံဘက်မှ ဆောင်ရွက်ပေးရမည့် ပြုပြင်ပြောင်းလဲရေးဦးစားပေးအချက် ၁၄ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment