Anadolu Agency; Dec-8(Thu)
ဂရိနိုင်ငံအနေဖြင့် Western Thrace ဒေသ၌ နေထိုင်လျက်ရှိသည့် တူကီယဲ အသိုက်အဝန်းအား လူနည်းစုမျိုးနွယ်တစ်ခုအဖြစ် သတ်မှတ်မှုမရှိခြင်းသည် နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဒီဇင်ဘာလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံသည် နိုင်ငံတကာသဘောတူစာချုပ်ဖြစ်သည့် Lausanne စာချုပ်အပါအဝင် တူကီယဲလူနည်းစုများ၏အခြေခံလူ့အခွင့်အရေးများကို အဆက်မပြတ်ချိုးဖောက်လျက် ရှိကြောင်းနှင့် တူကီယဲနိုင်ငံအနေဖြင့်လည်း Westeran Thrace ဒေသရှိ တူကီယဲ လူနည်းစုများကို အထီးကျန်စွာထားရှိစေမည်မဟုတ်ကြောင်း ကာဗူဆိုဂလူက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ တူကီယဲလူနည်းစုများနေထိုင်သော Western Thrae ဒေသ၏အကြံပေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ဂရိနိုင်ငံအရှေ့မြောက်ဘက်နှင့် တူကီယဲနယ်စပ်တွင်တည်ရှိသည့် Western Thrace ဒေသသည် မွတ်စလင်တူကီယဲလူနည်းစု ၁၅၀,၀၀၀ ဝန်းကျင်ခန့် နေထိုင်ရာ ဒေသဖြစ်ပါသည်။ အဆိုပါဒေသ၌ ၎င်းတို့ကျောင်းများနှင့် ပရဟိတလှူဒါန်းမှုအစီအစဉ် များတွင် “Turk”၊ သို့မဟုတ် “Turkish” ဟူသော စကားလုံးများအသုံးပြုခြင်းကို တားမြစ်ထားသည့်အပြင် ၎င်းတို့၏ ဘာသာရေးကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ခြင်းအား တားမြစ်မှုများအပါအဝင် ဂရိနိုင်ငံက ၎င်းတို့လူနည်းစုများအပေါ် ခွဲခြားဆက်ဆံသည့် အကြောင်းအရာများကိုလည်း ကာဗူဆိုဂလူက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ Western Thrace ဒေသရှိ တူကီယဲလူနည်းစုအခွင့်အရေးများကို ၁၉၂၃ ခုနှစ် တွင် သဘောတူညီခဲ့သည့် Lausanne စာချုပ်အရ အာမခံပေးထားခဲ့သော်လည်း ဂရိနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာဥရောပတရားရုံး (European Court of Human Rights) ၏ စည်းမျဉ်းများကိုလိုက်နာရန် ငြင်းဆိုမှုများနှင့်အတူ ဆယ်စုနှစ်များစွာကြာလာသည်နှင့် အမျှ အခြေအနေများက ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲသည် ဂရိနိုင်ငံရှိ တူကီယဲ လူနည်းစုများ၏ အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်မှုဆုံးရှုံးရခြင်းများအတွက် ဂရိနိုင်ငံ အပေါ် ကာလရှည်ကြာ ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment