SCMP; Dec-14 (Wed)
ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအကြား ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တော်၌ ပြုလုပ်ခဲ့သော အကြိုအစည်းအဝေး တစ်ခုတွင် “ထိုင်ဝမ်” ဟူသောအသုံးကို တရားဝင်ပူးတွဲကြေညာချက်တစ်ရပ်မှ ဖယ်ရှား ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ဒီဇင်ဘာလ ၁၄ ရက်တွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် EU-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထိုင်ဝမ်အသုံးအနှုန်းနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိခြင်းကြောင့် အထက်ပါအတိုင်း ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အား လိုအပ်ပါကမည်သည့်အချိန်မဆို အင်အားသုံး၍ စစ်ရေးအရတိုက်ခိုက်မှု များပြုလုပ်ကာသိမ်းယူနိုင်သည့် ၎င်း၏ ပိုင်နက်နယ်မြေတစ်ခုအဖြစ် မှတ်ယူလျက်ရှိပါသည်။ အာဆီယံခေါင်းဆောင်များအနေဖြင့် ထိုင်ဝမ်နှင့်ပတ်သက်၍ တရုတ်အစိုးရ၏ ရပ်တည် ချက်နှင့် နီးစပ်သည့်အသုံးကိုအသုံးပြုရန် ထောက်ခံလျက်ရှိကြသော်လည်း EU အနေဖြင့် ထိုင်ဝမ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအဖြစ် အသုံးပြုလိုကြောင်း EU အရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။
၎င်းတို့အနေဖြင့် ထိုင်ဝမ်အရေးကိစ္စအစား တောင်တရုတ်ပင်လယ်နှင့်ပတ်သက် သည့်ကိစ္စရပ်များကိုအဓိကထား၍ တရားဝင်ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်သွားမည်ဖြစ် ကြောင်းကိုလည်း ၎င်းကပြောကြားခဲ့ပါသည်။ EU နှင့် အာဆီယံအနေဖြင့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Law of the Sea-UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ တောင်တရုတ်ပင်လယ်ပြင်၌ လွတ်လပ်စွာပျံသန်း/ခုတ်မောင်းသွားလာမှု၊ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးနှင့် ဘေးကင်း လုံခြုံမှုရှိစေရေးတို့ကိုဆောင်ရွက်သွားရန်အရေးကြီးကြောင်း အဆိုပါအစည်းအဝေးတွင် ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့သည် တင်းမာမှုများ၊ မတော်တဆမှု များနှင့် နားလည်မှုလွဲမှားစေမည့် ဆောင်ရွက်ချက်များကိုရှောင်ရှားရန်နှင့် လှုပ်ရှား ဆောင်ရွက်မှုအားလုံးတွင် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု သိရှိရပါသည်။
No comments:
Post a Comment