Euractiv;Dec-19(Mon)
ရုရှားနိုင်ငံထုတ် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်း နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းမပြုရန် ခရိုင်းမီးယားဒေသဆိုင်ရာ ရုရှားအမြဲတမ်း ကိုယ်စားလှယ် ဂျော်ဂျီမူရာတော့ဗ် (Georgy Muratov) က ဂရိနိုင်ငံအား သတိပေး ပြောကြားခဲ့ပြီး ၎င်းကိစ္စသည် ရုရှားအပေါ် ရန်လိုသည့် ဆင်ခြင်တုံတရားကင်းမဲ့သော လုပ်ရပ်တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Euractiv သတင်းဌာနက ဒီဇင်ဘာလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ RIA Novosti နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ဂရိနိုင်ငံ၏လုပ်ရပ်သည် ရုရှား အပေါ် အကြောင်းမဲ့ရန်ငြိုးထားမှုကိုပြသရုံသာမက ဂရိလူထု၏ယူဆချက်သည်လည်း ပြင်းထန်နေသည့်အတွက်ကြောင့် အမျိုးသားအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များသည် အန္တရာယ်ရှိသည့် အခြေအနေတစ်ခုဖြစ်စေနိုင်ကြောင်း မူရာတော့ဗ်က အလေးထား ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဂရိနိုင်ငံပိုင်၊ ကရီတီ (Crete) ကျွန်းတွင် ထားရှိမည်ဆိုပါက ဂရိနိုင်ငံအနေဖြင့် အဆိုပါ ကျွန်းရှိ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းနိုင်ငံသို့ပေးပို့ရန် အသင့်ရှိကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Panagiotopoulos) က ကတိပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ ဖိအား ပေးမှုများကြောင့် ရုရှားထုတ်စစ်လက်နက်များကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးအပ် ခြင်းသည် ဂရိလေကြောင်းရန်ကာကွယ်ရေးစွမ်းရည်များကို ဆုံးရှုံးစေနိုင်မည်ဖြစ်ကြောင်း လည်း RIA Novosti သတင်းဌာနက ရှင်းလင်းပြောကြားခဲ့ပါသည်။ သို့သော်လည်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) သည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိခြင်းကို ဦးစားပေးသူ ဖြစ်ကြောင်းလည်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြပါသည်။ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် အစားထိုး ခြင်းသည် မြေပြင်လေကြောင်းရန်ကာကွယ်ရေးအကွာအဝေးကို ၁၅၀ ကီလိုမီတာမှ ၇၅ ကီလိုမီတာအထိ လျော့ကျသွားစေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ဆင့်ကဲတိုးတက် လာပြီးနောက် ၁၉၇ဝ ပြည့်လွန်နှောင်းပိုင်းနှစ်များမှစ၍ စတင်အသုံးပြုခဲ့ပါသည်။ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် ဗားရှင်းအများအပြားရှိနေပြီး နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များလည်း ကွဲပြားပါသည်။ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ် များကိုချဉ်းကပ်လာသည့် လေယာဉ်များ၊ ဒရုန်းများ၊ ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည်များကို ပစ်ချရန် ရည်ရွယ်ထုတ်လုပ်ထားပြီး ပစ်မှတ်ကိုခြေရာခံသည့် ထောက်လှမ်းရေးရေဒါ များနှင့် ပစ်မှတ်များကို အလိုအလျောက်ချိန်ညှိနိုင်သည့် လမ်းညွှန်စနစ်များကိုပါ တပ်ဆင် ထားပါသည်။ ပစ်မှတ်အများအပြားကို အတွဲလိုက်ဒုံးကျည်များနှင့် တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်မည်ဖြစ်ပါသည်။ ဂရိနိုင်ငံသည် အဆိုပါ S-300 လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ၎င်း၏ ကရီတီ (Crete) ကျွန်းတွင် တပ်ဖြန့်ချထားမှုများပြုလုပ်လျက် ရှိသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် များကို ကရီတီကျွန်းတွင်တပ်ဆင်မည်ဆိုပါက S-300 စနစ်များကို ယူကရိန်းနိုင်ငံသို့ ပေးပို့ရန်အသင့်ရှိကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Panagiotopoulos) က ကတိပြုပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ဖိအားများကြောင့် ရုရှားထုတ်စစ်လက်နက်များကို ယူကရိန်းနိုင်ငံသို့လွှဲပြောင်းပေးအပ် ခြင်းသည် ဂရိ၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်များကို ဆုံးရှုံးစေနိုင်မည်ဖြစ် ကြောင်းလည်း ရုရှားနိုင်ငံက ထောက်ပြပြောဆိုထားပါသည်။ ထို့ပြင် ဂရိနိုင်ငံ၏လုပ်ရပ် သည် ရုရှားအပေါ် အချည်းနှီးသော ရန်ငြိုးထားမှုကိုပြသရုံသာမက နိုင်ငံ၏အမျိုးသား အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက် အန္တရာယ်ရှိစေသည့်အခြေအနေတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံဘက်က အလေးပေးပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံသည် အမေရိကန်၏မိတ်ဖက် နိုင်ငံဖြစ်သည်နှင့်အညီ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ၌ ယူကရိန်းနိုင်ငံဘက်မှရပ်တည်၍ စစ်လက်နက်ပစ္စည်းများပံ့ပိုးပေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တွေ့ရှိရပါသည်။ အမေရိကန်၏ စစ်လက်နက်ထောက်ပံ့မှုများကြောင့် ဂရိနိုင်ငံအနေဖြင့် ရုရှားထုတ် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းနိုင်ငံသို့ ပံ့ပိုးပေးခဲ့မည်ဆိုပါလျှင် ဂရိနှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးသည် တင်းမာမှုများဖြစ်ပေါ်လာနိုင်ပြီး ရန်ဘက် နိုင်ငံများသဖွယ်သို့ရောက်ရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment