Monday, July 17, 2023

ကိုဆိုဗိုသည် တူကီယဲမှ Bayraktar TB2 ဒရုန်းသစ်များကို လက်ခံရရှိခဲ့ခြင်း

Anadolu Agency; Jul-17 (Mon)

တူကီယဲနိုင်ငံမှ ဝယ်ယူထားသော Bayraktar TB2 ဒရုန်းများ ကိုဆိုဗိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီသည် Bayraktar TB2 ဒရုန်းဓာတ်ပုံနှင့်အတူ “ကိုဆိုဗိုသည် ယခုပို၍ပင်လုံခြုံနေပြီ” ဟူသောစာအား ရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဓာတ်ပုံတွင် ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီနှင့်အတူ ကာကွယ်ရေးဝန်ကြီး အာမန်မီဟတ်ဂျ် (Armen Mehaj) နှင့် ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့ (Kosovo Security Forces-KSF) အကြီးအကဲ ဘက်ရှ်ကင်မ် ဂျဆာရီ (Bashkim Jasari) တို့ကိုလည်း တွေ့မြင်ရပါသည်။ ၎င်းတို့တာဝန်ထမ်းဆောင်စဉ် အတွင်း စစ်ဘက်တပ်ဖွဲ့ဝင်အရေအတွက်ကို ၈၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့သလို စစ်ရေးအသုံးစရိတ်ကိုလည်း ၁၀၀ ရာခိုင်နှုန်းကျော် တိုးမြှင့်အသုံးပြုခဲ့ခြင်း တို့ကြောင့် ကိုဆိုဗို၏ လုံခြုံရေးပိုမိုခိုင်မာနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီက ရေသားဖော်ပြခဲ့ပါသည်။

KSF အရာရှိများအနေဖြင့် Bayraktar TB2 ဒရုန်းများ အသုံးပြုခြင်းဆိုင်ရာ သင်တန်းအား တက်ရောက်ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီက ပြောကြားခဲ့ ပါသည်။ သို့သော် ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီအနေဖြင့် Bayraktar TB2 ဒရုန်း အစင်းရေ ပိုင်ဆိုင်မှုအရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်း အရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့များသည် မေလအစောပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် Defender Europe 23 အမည်ရှိ အကြီးစား နိုင်ငံတကာစစ်ရေး လေ့ကျင့်မှုပြုလုပ်စဉ်အတွင်း တူကီယဲ၏ Bayraktar TB2 မောင်းသူမဲ့လေယာဉ် ၅ စင်း လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment