Greekherald; Jul-5(Wed)
ဂရိနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ပင်လယ် ရေကြောင်းဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် တူကီယဲနိုင်ငံနှင့် ဆွေးနွေး မှုများလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီး ဂီရောဂိုဂီရာပက်ထရီတစ် (Giorgos Gerapetritis) က ဇူလိုင်လ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား လက်ရှိကောင်းမွန်လျက်ရှိသည့် ဆက်ဆံရေးမှတစ်ဆင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခွင့်နှင့်သက်ဆိုင်သော အခွင့်အရေးများအပါအဝင် နိုင်ငံတစ်ခု ချင်းစီမှ သီးသန့်စီးပွားရေးလုပ်ပိုင်ခွင့်ရှိသည့် နယ်ပယ်များကို ခွဲခြားသတ်မှတ်ခြင်း ဆိုင်ရာ သဘောတူညီချက်တစ်ခုရရှိရန်အတွက် ဂရိနိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်း ဂရိ နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။
ထို့ပြင် တူကီယဲနိုင်ငံအနေဖြင့် ဂရိနိုင်ငံနှင့် ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ဖော်ဆောင်ရန်ဆန္ဒရှိ/မရှိကိုမူ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ရန် ဆန္ဒရှိသော်လည်း ဂရိနိုင်ငံ၏ အမျိုးသားရေးဦးစားပေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ အထိခိုက်ခံမည်မဟုတ်ကြောင်းကိုလည်း ဂရိနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံခြားရေးဝန်ကြီးသည် ဆိုက်ပရပ်စ်နိုင်ငံခြားရေး ဝန်ကြီး ကွန်စတန်တီနိုကွန်ဗိုစ် (Constantinos Kombos) နှင့် ဇူလိုင်လ ၄ ရက်တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment