Anadolu Agency; Jul-17 (Mon)
တူကီယဲနိုင်ငံမှဝယ်ယူထားသော Bayraktar TB2 မောင်းသူမဲ့လေယာဉ် (UAVs) သည် ကိုဆိုဗိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ် အယ်လ်ဘင် ကာတီသည် Bayraktar TB2 မောင်းသူမဲ့လေယာဉ်၏ ဓာတ်ပုံနှင့်အတူ “ကိုဆိုဗိုသည် ယခုပို၍ပင်လုံခြုံနေပြီ” ဟူသောစာအား ရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ဆက်ဆံရေးတင်းမာမှုများ မကြာခဏဖြစ်ပွား လျက်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်း ဆက်ဆံရေးတင်းမာမှုမှာ ပိုမိုမြင့်တက်ခဲ့ပါသည်။ ထို့ကြောင့် ကိုဆိုဗိုသည် ဆားဘီးယားနှင့် ထိစပ်လျက်ရှိသောနယ်စပ်တစ်လျှောက် ကင်းထောက်မှုပြုလုပ်ရန် မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူရန်စီစဉ်ခဲ့ပါသည်။ ထိုစဉ် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း တူကီယဲထုတ် Bayraktar TB2 မောင်းသူမဲ့ လေယာဉ် (UAVs) သည် အောင်မြင်မှုများစွာရရှိခဲ့သဖြင့် ၎င်း Bayraktar TB2 မောင်းသူမဲ့လေယာဉ် (UAVs) များကို နိုင်ငံများစွာက ဝယ်ယူရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်းတို့အနက် ကိုဆိုဗိုလည်း အပါအဝင်ဖြစ်ခဲ့ပြီး ကိုဆိုဗိုသည် Bayraktar TB2 မောင်းသူမဲ့ လေယာဉ် ၁၂ စင်းအား ဝယ်ယူရန် စီစဉ်လျက်ရှိသည်ဟု Argun-kazakhstan သတင်း ဌာနက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုလုံခြုံရေး တပ်ဖွဲ့များသည် မေလအစောပိုင်းတွင် ကျင်းပပြုလုပ်သည့် Defender Europe 23 အမည်ရှိ အကြီးမားဆုံးနိုင်ငံတကာစစ်ရေးလေ့ကျင့်မှုတွင် တူကီယဲ၏ Bayraktar TB2 မောင်းသူမဲ့လေယာဉ် ၅ စင်းကို လက်ခံရရှိခဲ့ပါသည်။ ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ သည် ကာကွယ်ရေးဝန်ကြီး အာမန်မီဟတ်ဂျ် (Armen Mehaj)၊ ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့ (Kosovo Security Forces-KSF) အကြီးအကဲ ဘက်ရှ်ကင်မ်ဂျဆာရီ (Bashkim Jasari) တို့နှင့်အတူ Bayraktar TB2 မောင်းသူမဲ့လေယာဉ်ရှေ့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် ကိုဆိုဗိုသည် ယခုတွင် ပို၍ပင်လုံခြုံနေပြီဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေသားဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုအနေဖြင့် ဆားဘီးယားနှင့် ဆက်ဆံရေးတင်းမာနေစဉ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များ ဝယ်ယူထားသည်ကို ထုတ်ဖော်ပြသခဲ့ခြင်းသည် နှစ်ဖက်အကြား ဆက်ဆံရေးအား ပိုမိုတင်းမာသည့်အခြေအနေသို့ ရောက်ရှိအောင် ရန်စသည့်လုပ်ဆောင်မှုဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment