Monday, July 10, 2023

ရုရှားနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

Reuters; Jul-9(Sun)

တူကီယဲနိုင်ငံသည် ယူကရိန်းတပ်မှူး ၅ ဦးကို ယူကရိန်းနိုင်ငံသို့ ပြန်လည် စေလွှတ်ခြင်းဖြင့် တူကီယဲနှင့် ရုရှားတို့အကြားထားရှိသည့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှား၏ပြောကြားချက်အပေါ် တူကီယဲဖက်မှ အမျက်ဒေါသထွက်ခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇူလိုင်လ ၉ ရက်တွင် ရုရှားနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီးတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် လက်ရှိ ကမ္ဘာ့လုံခြုံရေးဆိုင်ရာပြဿနာများဖြစ်ပွားနေစဉ် အတွင်း ပဋိပက္ခဖြစ်ပွားသည့်နိုင်ငံများအကြား ပြေလည်မှုရရှိစေရန် နိုင်ငံရေးအရ အပြုသဘောဆောင်သည့် ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို ထဲထဲဝင်ဝင်လုပ်ဆောင်လျက် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အကျဉ်းသား လဲလှယ်ရေးအစီအစဉ်အရ တူကီယဲနိုင်ငံတွင်ထားရှိရန် အတင်းအကျပ်စေခိုင်းခြင်း ခံခဲ့ရသည့် ယူကရိန်းတပ်မှူးဟောင်း ၅ ဦးကို တူကီယဲနိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးသည် ၎င်းနှင့်အတူ ယူကရိန်းနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပါသည်။ ရုရှားအစိုးရသည် တူကီယဲအစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် အကျဉ်းသားလဲလှယ်မှုကိုပြုလုပ်ခဲ့ပြီး ၎င်းတပ်မှူးများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စစ်ပွဲပြီးဆုံးသည်အထိ တူကီယဲနိုင်ငံတွင်ထားရှိရန် တောင်းဆိုခဲ့ပါသည်။ သို့သော်လည်း တပ်မှူးများအိမ်ပြန်ခွင့်ရရှိသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ သမ္မတ ဇီလန်စကီးက ရှင်းလင်းပြောကြားထားခြင်းမရှိပေ။ ထို့ပြင် မှတ်ချက်ပေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန၏ တောင်းဆိုချက်နှင့်ပတ်သက်၍လည်း တူကီယဲဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနက တုံ့ပြန်ပြောကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ တူကီယဲနိုင်ငံသည် အကျဉ်းသားပြန်လွှတ်ပေးရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ရုရှားနိုင်ငံကို ကြိုတင် အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်းလည်း ရုရှားသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ တူကီယဲနှင့်ရုရှားနိုင်ငံတို့အကြား တင်းမာမှုများဖြစ်ပေါ် နေသော်လည်း ဇူလိုင်လ ၉ ရက်တွင် ရုရှားနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီးတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအခြေအနေနှင့် ပင်လယ်နက်ဆန်စပါးတင်ပို့မှု သဘောတူညီချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၏ ကောက်ပဲသီးနှံများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပို့ဆောင်မှုများမှာ ရပ်ဆိုင်းခဲ့ရပြီး စားသောက်ကုန်ဈေးနှုန်းများ ရုတ်တရက်မြင့်တက်လာခဲ့သည့်အပြင် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားစေနိုင်သည့် အလားအလာများဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် တူကီယဲနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကုလသမဂ္ဂ၏ ကျောထောက်နောက်ခံဖြင့် အဆိုပါအကျပ်အတည်းအား ဖြေရှင်းနိုင်ရေးအတွက် ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကောက်ပဲ သီးနှံသယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်သည့် သဘောတူစာချုပ်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ တူကီယဲနိုင်ငံသည် ကြားနေဝါဒ ကျင့်သုံးသည့်နိုင်ငံဖြစ်သည့်အပြင် ရုရှား-ယူကရိန်းပဋိပက္ခတွင်လည်း တက်ကြွစွာ ပါဝင် ဆောင်ရွက်သည့်နိုင်ငံအဖြစ် ရပ်တည်နေခြင်းသည် ၎င်း၏ နိုင်ငံရေးဩဇာလွှမ်းမိုးနိုင်ရေး အတွက် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment