Sydney Morning Heraldl; Jul-9(Sun)
ပိုလန်နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင် ၁,၀၀၀ ဦးကျော်ကို ဘီလာရုဇ်နယ်စပ်သို့ စတင် တပ်ဖြန့်လျက်ရှိကြောင်း Sydney Morning Herald သတင်းဌာနက ဇူလိုင်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဝဂ်နာကြေးစားတပ်ဖွဲ့ဝင်များအနေဖြင့် ဘီလာရုဇ်နိုင်ငံအတွင်း အခြေချနေထိုင်ခြင်းသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်မှုများဖြစ်ပေါ် လာစေနိုင်သည့်အပေါ် စိုးရိမ်ပူပန်ခြင်းများအပါအဝင် လစ်သူရေးနီးယားနိုင်ငံ၊ ဗီလ်နီးယပ်စ် မြို့တော်၌ ပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် ပိုလန်နိုင်ငံက အထက်ပါအတိုင်း တပ်ဖြန့်ချထားခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းဌာနတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ဝဂ်နာကြေးစားတပ်ဖွဲ့ဝင်များအနေဖြင့် ယခုအချိန်ထိ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိသေးခြင်းမရှိကြောင်း ဘီလာရုဇ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါသည်။
သို့ရာတွင် ဝဂ်နာကြေးစားတပ်ဖွဲ့ဝင်များအနေဖြင့် ဘီလာရုဇ်နိုင်ငံသို့ ရွှေ့ပြောင်း နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝဂ်နာကြေးစားတပ်ဖွဲ့အကြီးအကဲ တစ်ဦးက ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းနောက်တွင် NATO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဘီလာရုဇ်နှင့်ထိစပ်လျက်ရှိသည့် NATO ၏ အရှေ့ဘက် စစ်နံခုခံ ဟန့်တားနိုင်စွမ်းကို မြှင့်တင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်အများအပြားကို ပို့ဆောင်ခဲ့ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့်လည်း ၎င်း၏နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုဇ်နိုင်ငံ၌ တပ်ဖြန့် ချထားရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားခြင်းမှာ ခုခံကာကွယ်ရန်အတွက်သာဖြစ်ကြောင်း ဘီလာရုဇ်သမ္မတ အလက်ဇန်ဒါးလူကာရှန်ကို (Aleksandr Lukashenko) က တုံ့ပြန်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment