Monday, July 3, 2023

ဆားဘီးယားနှင့်ကိုဆိုဗိုတို့အကြား တင်းမာမှုများကိုလျှော့ချရန် နယ်သာလန်နှင့် လူဇင်ဘတ်ဝန်ကြီးချုပ်တို့က တိုက်တွန်းခဲ့ခြင်း

Independent; Jul-4(Tue)

နယ်သာလန်ဝန်ကြီးချုပ် မက်ခ်ရူတီ (Mark Rutte) နှင့် လူဇင်ဘတ်ဝန်ကြီးချုပ် ဇာဗီယာဘတ်တယ် (Xavier Bettel) တို့သည် ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ဖြစ်ပွား လျက်ရှိသော တင်းမာမှုများပြေလျော့စေရေးအတွက် အလေးထားလုပ်ဆောင်သွားရန် ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူစစ် (Aleksandar Vucic) အား တိုက်တွန်းပြောကြား ခဲ့ကြောင်း Independent သတင်းဌာနက ဇူလိုင်လ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ ဖြစ်ပွားလျက်ရှိသော တင်းမာမှုများသည် ယူကရိန်းပဋိပက္ခတွင် ရုရှား၏စစ်ရေးအရ တိုက်ခိုက်မှုများကို ဥရောပအနေဖြင့် ရင်ဆိုင်နေရသကဲ့သို့ ဘော်လ်ကန်ဒေသတွင်း၌ မတည်မငြိမ်ဖြစ်စေရန် ခြိမ်းခြောက်လျက်ရှိကြောင်း ၎င်းတို့က ဆက်လက်ပြောကြား ခဲ့ပါသည်။ ဝန်ကြီးချုပ် ရူတီနှင့် ဝန်ကြီးချုပ် ဘတ်တယ်တို့သည် သမ္မတဘူစစ်နှင့် ဘဲလ်ဂရိတ် (Belgrade) မြို့၌တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုတို့အနေဖြင့် ဥရောပသမဂ္ဂ (EU) ဦးဆောင်သော ဆွေးနွေးပွဲ များမှတစ်ဆင့် ၎င်းတို့အကြား ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန် ဦးတည်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း ရူတီက ပြောကြားခဲ့ပါသည်။ နယ်သာလန်နှင့် လူဇင်ဘတ်တို့မှ ဝန်ကြီးချုပ် နှစ်ဦး၏ ဆားဘီးယားနှင့်ကိုဆိုဗိုသို့လာရောက်မှုသည် ဖြစ်ပွားလျက်ရှိသော တင်းမာမှုများ လျှော့ချရေးအတွက် အထောက်အကူဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုထိန်းသိမ်းရန်အတွက် တတ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သမ္မတ ဘူစစ်က ပြောကြားခဲ့ပါသည်။ ဆာ့ဘ်လူမျိုးအများစု သပိတ် မှောက်ခဲ့သည့် ဧပြီလကကျင်းပပြုလုပ်ခဲ့သောရွေးကောက်ပွဲ၌ ရွေးချယ်တင်မြှောက်ခံခဲ့ ရသည့် အယ်လ်ဘေးနီးယားလူမျိုး မြို့တော်ဝန်များကို နေရာချထားပေးရန်အတွက် ကိုဆိုဗိုမြောက်ပိုင်းရှိ မြူနီစီပယ်အဆောက်အအုံများကို ကိုဆိုဗိုရဲတပ်ဖွဲ့က သိမ်းပိုက်ခဲ့ ပြီးနောက် မေလမှစတင်ကာ နှစ်ဖက်အကြား တင်းမာမှုများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment