Sunday, July 9, 2023

ရုရှားနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

Reuters; Jul-9(Sun)

တူကီယဲနိုင်ငံသည် ယူကရိန်းတပ်မှူး ၅ ဦးကို ယူကရိန်းနိုင်ငံသို့ ပြန်လည် စေလွှတ်ခြင်းဖြင့် တူကီယဲနှင့် ရုရှားတို့အကြားထားရှိသည့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှား၏ပြောကြားချက်အပေါ် တူကီယဲဖက်မှ အမျက်ဒေါသထွက်ခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇူလိုင်လ ၉ ရက်တွင် ရုရှားနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီးတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergei Lavrov) နှင့် တူကီယဲနိုင်ငံခြားရေး ဝန်ကြီး ဟာကန်ဖိုင်ဒန် (Hakan Fidan) တို့သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခအခြေအနေနှင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းဆိပ်ကမ်းများကို ရုရှား၏ပိတ်ဆို့ထားမှုအား ဖယ်ရှား ပေးခဲ့သော ပင်လယ်နက်ဆန်စပါးတင်ပို့မှုသဘောတူညီချက်များနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဇူလိုင်လ ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ဂျုံနှင့် ဓာတ်မြေသြဇာများရောင်းချရာတွင် လွယ်ကူချောမွေ့စေမည့် သဘောတူညီချက်မှ နုတ်ထွက်မည်ဟုလည်း ခြိမ်းခြောက်ပြောကြားလျက်ရှိပါသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တူကီယဲနှင့် ကုလသမဂ္ဂတို့၏ ကြားဝင်စေ့စပ်ပေး ထားသည့် အဆိုပါသဘောတူညီချက်ကို အနည်းဆုံး ၃ လ သက်တမ်းတိုးရန် တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ရုရှားနိုင်ငံကို တွန်းအား ပေးလျက်ရှိပါသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ယူကရိန်းဆိပ်ကမ်းမြို့ မာရီပူလ် (Mariupol) ရှိ သံမဏိစက်ရုံများကိုကာကွယ်ခဲ့သည့် Azov တပ်ဖွဲ့၏ တပ်မှူးများအား တူကီယဲနိုင်ငံတွင် ထိန်းသိမ်းထားရာမှ ယူကရိန်းသို့ပြန်လည်စေလွှတ်ခဲ့သော အကြောင်းအရာများအပါအဝင် ယူကရိန်းပတ်ဝန်းကျင်တွင် လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူကီယဲ နိုင်ငံသည် ယူကရိန်းတပ်မှူး ၅ ဦးအား ရုရှား-ယူကရိန်းပဋိပက္ခပြီးဆုံးသည်အထိ ထိန်းသိမ်း ထားရန် ရုရှားနှင့်သဘောတူထားသည့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် များကို ချိုးဖောက်ခဲ့ပြီး ရုရှားနိုင်ငံကို ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း လည်း ရုရှားသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ယူကရိန်းတပ်မှူးများကို နေရပ်သို့ပြန်လည် ပို့ဆောင်ရေးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တူကီယဲနိုင်ငံသည် မည်သည့်မှတ်ချက်မှ ပေးခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment