Aljazeera; Jul-8(Sat)
ယူကရိန်းနိုင်ငံ၏ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်ဖြစ်မြောက်ရေး မျှော်မှန်းချက်ကို အားပေးထောက်ခံသည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း Aljazeera သတင်းဌာနက ဖော်ပြထားပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် ၁၉၅၂ ခုနှစ်တွင် NATO အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး NATO နှင့် ရှုပ်ထွေးသောဆက်ဆံရေးကို သမိုင်းကြောင်းများအရ ထိန်းသိမ်းထားပြီး ယူကရိန်းနှင့်လည်း မိတ်ဖက်ဆက်ဆံရေးဆောင်ရွက်ထားရှိပါသည်။ ကမ္ဘာ့ပထဝီအနေ အထားအရ တူကီယဲနိုင်ငံသည် NATO အဖွဲ့၏ အဓိကအရေးပါသောနိုင်ငံတစ်ခုအဖြစ် တည်ရှိလျက်ရှိပါသည်။ ထို့ပြင် တူကီယဲသည် ရုရှားနိုင်ငံနှင့် သိသာထင်ရှားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများရှိပြီး ယူကရိန်း၏ NATO အဖွဲ့ဝင် ဖြစ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထူးသဖြင့် ရုရှားနှင့်တင်းမာမှုများ ရှိလာနိုင်သဖြင့် ၎င်းနိုင်ငံများနှင့်ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ တူကီယဲအနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှု များကိုဆောင်ရွက်ရန် ပြောကြားထားကြောင်း တွေ့ရှိရပါသည်။ ဇီလန်စကီး၏ ယခု ခရီးစဉ်သည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် တူကီယဲနိုင်ငံသို့ ပထမဆုံးသော တရားဝင်ခရီးစဉ်တစ်ခုဖြစ်ပါသည်။ အာဒိုဂန်နှင့် ဇီလန်စကီးတို့သည် လက်ရှိဖြစ်ပေါ် နေသောပဋိပက္ခများနှင့် ပင်လယ်နက်ဒေသကောက်ပဲသီးနှံတင်ပို့ခွင့် သဘောတူညီချက် သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ တူကီယဲနှင့် ကုလသမဂ္ဂတို့၏ ကြားဝင်စေ့စပ်ထားသော အဆိုပါသဘောတူညီချက်ကို သက်တမ်းတိုးရန် အတွက် ရုရှားအနေဖြင့် ကန့်ကွက်သွားမည်ဆိုပါက ဇူလိုင်လ ၁၇ ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပါသည်။ ဇီလန်စကီးအနေဖြင့် လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ ဇူလိုင်လ ၁၁ ရက်တွင် စတင်ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေး မတိုင်မီ ဥရောပနိုင်ငံများသို့သွားရောက်၍ NATO အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုအပါအဝင် စစ်ရေးဆိုင်ရာ မဟာမိတ်များရရှိရေး ဆောင်ရွက်လျက်ရှိသည်။ ရုရှားအနေဖြင့် ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ မည်သည့်ကြိုးပမ်းမှုများကိုမဆို အပြင်းအထန်ကန့်ကွက် လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အာဒိုဂန်အနေဖြင့် ယူကရိန်းအား NATO အဖွဲ့ဝင်ဖြစ်ရေး အားပေးထောက်ခံကြောင်း ဇူလိုင်လ ၈ ရက်တွင် တရားဝင်ပြောကြား ထားပါသည်။ သို့ဖြစ်ပါ၍ သမ္မတ အာဒိုဂန်၏ အဆိုပါအားပေးထောက်ခံမှုကြောင့် ယူကရိန်းသည် NATO အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးအတွက် အခွင့်အလမ်းများ ဖြစ်ပေါ် လာနိုင်ပြီး တစ်ဖက်တွင်လည်း ရုရှားနှင့်၎င်းတို့၏ ဆက်ဆံရေးမှာလည်း တင်းမာလာ နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment