New Arab; Jul-12(Wed)
လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိသေးသောကြောင့် အနည်းဆုံး အောက်တိုဘာလအထိ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် လွှတ်တော် အားလပ်ရက်အဖြစ် ၂ လ သတ်မှတ်ထားကြောင်းနှင့် အောက်တိုဘာလမတိုင်မီ လွှတ်တော်အစည်းအဝေး များကို ကျင်းပရန်မဖြစ်နိုင်ကြောင်း လစ်သူရေးနီးယားနိုင်ငံ၊ ဗီလ်နီးယပ်စ် (Vilnius) မြို့တော်၌ ပြုလုပ်သည့် ၂ ရက်ကြာ NATO ထိပ်သီးအစည်းအဝေးအပြီးတွင် တူကီယဲ သမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးနှင့်စပ်လျဉ်း၍ တူကီယဲသမ္မတ၏အထက်ပါ မှတ်ချက်ပြုပြောကြားခဲ့ခြင်းသည် ဆွီဒင်နှင့် NATO တာဝန် ရှိသူများကို စိုးရိမ်ပူပန်စေကြောင်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။
တူယီယဲနိုင်ငံအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း ဆွီဒင်နိုင်ငံအား NATO အဖွဲ့ဝင်အဖြစ် အတည်ပြုရေးလုပ်ငန်းစဉ်ကို အပြီးသတ်ဆောင်ရွက်သွားမည်ဟု အနောက် နိုင်ငံခေါင်းဆောင်အချို့က မျှော်မှန်းခဲ့ကြပါသည်။ ဆွီဒင်နိုင်ငံသည် ကာ့ဒ်အကြမ်းဖက်သမား များအား နောက်ကွယ်မှထောက်ပံ့ပေးလျက်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် တူကီယဲ နိုင်ငံသည် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ရောက်ခွင့်ကို တစ်နှစ်ကျော်ကြာ မထောက်ခံခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းနောက်တွင် ဆွီဒင်နိုင်ငံသည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအချို့ကို ပြင်ဆင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက် ခဲ့ပြီးနောက် ဆွီဒင်နိုင်ငံအား NATO အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ကို တူကီယဲသမ္မတက ဇူလိုင်လ ၁၀ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment