Friday, July 7, 2023

ဗြိတိန်နှင့် ပိုလန်တို့သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် စစ်ဘက်ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးအားတိုးမြှင့်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်း

The Defense Post; Jul-7(Fri)

ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ စသည့်ကဏ္ဍရပ်များအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇူလိုင်လ ၇ ရက်တွင် The Defense Post သတင်းဌာနက ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့၏ ဆက်ဆံရေးသည် ကောင်းမွန်ပြီး ခင်မင်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းထားရှိသည့် နိုင်ငံများဖြစ်ကြသည့်အလျောက် ကုလသမဂ္ဂ (United Nation-UN)၊ NATO နှင့် ဥရောပကောင်စီတို့၏ အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြ ပါသည်။ ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပဒေသတွင်း လွတ်လပ်ရေးကို ထိန်းသိမ်းရန် အတူတကွတိုက်ပွဲဝင်ခဲ့ကြသော မိတ်ဖက်နိုင်ငံများ ဖြစ်ခဲ့ ကြပါသည်။ ထို့ပြင် လက်ရှိတွင်လည်း ယူကရိန်းနိုင်ငံအား ရှေ့တန်းကျကျထောက်ပံ့ ပေးလျက်ရှိသော နိုင်ငံများဖြစ်ကြပါသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ တွင်လည်း ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များအတွက် ခေတ်မီဆန်းသစ်သောစစ်လက်နက်များ ပူးတွဲထုတ်လုပ်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များဆိုင်ရာ သဘောတူညီချက် (Air Defence Weapons Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ လက်ရှိတွင် ရေးထိုးခဲ့သည့် သဘောတူစာချုပ်သည် နိုင်ငံတကာလေကြောင်းရန်ကာကွယ်ရေးစနစ်အားကာကွယ်ရန်၊ နယ်မြေပိုင်ဆိုင်မှု၊ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုတို့အား အပြန်အလှန်ကာကွယ် စောင့်ရှောက်ရန်နှင့် တရားမျှတသော ကုန်သွယ်မှုအားကာကွယ်ရန် ၎င်းတို့နှစ်နိုင်ငံ၏ ကတိကဝတ်များအပေါ် အလေးထားချုပ်ဆိုထားလျက်ရှိပါသည်။ နှစ်နိုင်ငံအနေဖြင့် အနာဂတ်တွင်လည်း မျိုးဆက်သစ်ကာကွယ်ရေးပစ္စည်းများ ပူးပေါင်းတီထွင်ထုတ်လုပ်ခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအား တိုးမြှင့်ပြုလုပ်ခြင်း၊ NATO အဖွဲ့နှင့် ဆက်နွှယ်သော မစ်ရှင်များအတွင်း နှစ်နိုင်ငံအပြန်အလှန်ကူညီထောက်ပံ့မှုပေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် အထက်ပါသဘောတူညီချက်အား လက်မှတ်ရေးထိုး ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာ အားကောင်းစေမည့်အပြင် နှစ်နိုင်ငံစစ်ဘက်တပ်ဖွဲ့ဝင်များ၏ စစ်ရေးဆိုင်ရာ ပူးတွဲ လေ့ကျင့်မှုများကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment