Sunday, July 9, 2023

တူကီယဲနိုင်ငံနှင့်ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိစဉ်ကာလအတွင်း ဂရိနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းအများအပြား ဝယ်ယူသွားမည်ဆိုခြင်း

Daily Sabah; Jul-9(Sun)

ဂရိနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ်ကာလအတွင်း စစ်လက်နက်ပစ္စည်းအများအပြားကို ဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Daily Sabah သတင်းဌာနက ဇူလိုင်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် လာမည့် ၄ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၂.၆၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများဝယ်ယူရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ဂရိကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် F-35 တိုက်လေယာဉ်များဝယ်ယူခြင်း၊ F-16 တိုက်လေယာဉ် အဆင့်မြှင့်တင်ခြင်း၊ ဖရီးဂိတ်စစ်ရေယာဉ်များဝယ်ယူခြင်းနှင့် အစ္စရေးထုတ် တင့်ဖျက် ဒုံးကျည်များဝယ်ယူခြင်းတို့ ပါဝင်ပါသည်။

ထိုသို့ စစ်လက်နက်ပစ္စည်းများဝယ်ယူခြင်းသည် ဂရိစစ်ဘက်၏စွမ်းဆောင် ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) က ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။ အလားတူ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် မကြာမီပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေး၌ တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်မျှော်မှန်းထားကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment