CGTN;Jul-10(Mon)
လာမည့်သီတင်းပတ်အတွင်း သက်တမ်းကုန်ဆုံးတော့မည့် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေး သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေး သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့အကြား တွေ့ဆုံဆွေးနွေးမှုအပေါ် မူတည်လျက်ရှိကြောင်း CGTN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ကုလသမဂ္ဂနှင့် တူကီယဲနိုင်ငံတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့် ယူကရိန်း နိုင်ငံတို့သည် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံများပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အကြိမ်ကြိမ် သက်တမ်းတိုးဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် ကုလသမဂ္ဂနှင့် ၎င်း ၃ နိုင်ငံမှ ကိုယ်စားလှယ် များပါဝင်သည့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းကာ ပင်လယ်နက်မှတစ်ဆင့် ကုန်စည် များပို့ဆောင်မှုကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ပင်လယ်နက်မှ တစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံများပို့ဆောင်ရေး သဘောတူညီချက်သည် ဇူလိုင်လ ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်၏ အစိတ်အပိုင်း အရ ရုရှားနိုင်ငံ၏ ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့ခွင့်ရှိသော်လည်း လက်တွေ့တွင် ရုရှားထုတ်ကုန်ပစ္စည်းများ အပြည့်အဝတင်ပို့ခွင့်မရရှိသောကြောင့် ရုရှားနိုင်ငံအနေဖြင့် ၎င်းသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးသွားနိုင်ဖွယ်မရှိကြောင်း ရုရှားနိုင်ငံ တာဝန်ရှိသူများက သတိပေးပြောကြားခဲ့ပါသည်။ သဘောတူညီချက်အား အနည်းဆုံး ၃ လ ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ရုရှားနိုင်ငံကို တွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်းနှင့် ရုရှားသမ္မတအနေဖြင့် ဩဂုတ်လအတွင်း တူကီယဲနိုင်ငံသို့လာရောက် မည်ဖြစ်ကြောင်း တူကီယဲသမ္မတက ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုသည် သေချာမှု မရှိကြောင်းနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးရန် စီစဉ်ထားခြင်းမရှိကြောင်း ရုရှားအစိုးရက ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေး သဘောတူညီချက်ကို သက်တမ်းတိုးမြှင့်နိုင်ရေးသည် ရုရှားနှင့် တူကီယဲသမ္မတတို့အကြား တွေ့ဆုံဆွေးနွေးမှုအပေါ် မူတည်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ရုရှားနှင့် တူကီယဲသမ္မတတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသရွေ့ ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေး သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ် ကြောင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအပေါ်တွင်လည်း ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment