Thursday, July 13, 2023

တူကီယဲနိုင်ငံသည် အကောက်ခွန်နှင့် ဗီဇာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် ဆွေးနွေးမှုများတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိခြင်း

Xinhua; Jul-13(Thu)

တူကီယဲနိုင်ငံအနေဖြင့် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များနှင့် ဗီဇာ (Visa) ဖြေလျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥရောပသမဂ္ဂ (European Union) နှင့် ဆွေးနွေးမှုများတိုးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုများသည် တူကီယဲနိုင်ငံအား ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၏ အပြုသဘောဆောင်သော တုံ့ပြန်ချက်များဖြစ်ကြောင်း ကိုလည်း NATO ထိပ်သီးအစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် တူကီယဲ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲ နိုင်ငံ၏စီးပွားရေးအပေါ် ကဏ္ဍစုံအကျိုးသက်ရောက်မှုများဖြစ်ပေါ်စေမည့် အကောက်ခွန် ဆိုင်ရာကိစ္စရပ်များကို ခေတ်မီစေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။

လက်ရှိတွင် တူကီယဲနိုင်ငံ၏ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်အသက်ဝင်လာစေရေးနှင့်စပ်လျဉ်း၍ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါ လီယန် (Ursula von der Leyen) အပါအဝင် အခြားသော ဥရောပခေါင်းဆောင်များနှင့် NATO ထိပ်သီးအစည်းအဝေး၌ သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အပြုသဘောဆောင်သောဆွေးနွေးမှုများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါသည်။ ဥရောပသမဂ္ဂကောင်စီ၏ညွှန်ကြားချက်အရ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ ဂျိုးဇက်ဘော်ရယ် (Josep Borrell) အနေဖြင့် တူကီယဲနိုင်ငံနှင့် ဆက်ဆံရေးအား အစီရင်ခံစာတင်သွင်းရန် ဆောင်ရွက်လျက်ရှိခြင်းသည်လည်း နောက်ထပ် အပြုသဘောဆောင်သော ကိစ္စရပ်တစ်ခုဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ဥရောပသမဂ္ဂနှင့် ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သော အကောက်ခွန် ဆိုင်ရာသမဂ္ဂကို အဆင့်မြှင့်တင်လိုသော်လည်း အချို့သော EU အဖွဲ့ဝင်များက နိုင်ငံရေး ဆိုင်ရာကိစ္စရပ်များကြောင့် နှောင့်နှေးလျက်ရှိကြောင်းနှင့် တူကီယဲနိုင်ငံသားများအနေဖြင့် ဥရောပသမဂ္ဂအတွင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် လွတ်လပ်စွာခရီးသွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment