Sydney Morning Heraldl; Jul-9(Sun)
ပိုလန်နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင် ၁,၀၀၀ ဦးကျော်ကို ဘီလာရုဇ်နယ်စပ်သို့ စတင် တပ်ဖြန့်လျက်ရှိကြောင်း Sydney Morning Herald သတင်းဌာနက ဇူလိုင်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
NATO ထိပ်သီးအစည်းအဝေးသည် ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ဝဂ်နာကြေးစားတပ်ဖွဲ့ဝင်များသည် ဘီလာရုဇ်နိုင်ငံသို့ ရွှေ့ပြောင်း နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝဂ်နာကြေးစားတပ်ဖွဲ့အကြီးအကဲ တစ်ဦးက ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းနောက်တွင် NATO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဘီလာရုဇ်နှင့်ထိစပ်လျက်ရှိသည့် NATO ၏ အရှေ့ဘက် စစ်နံခုခံ ဟန့်တားနိုင်စွမ်းကို မြှင့်တင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်အများအပြားကို ပို့ဆောင်ခဲ့ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။ ပိုလန်နှင့် ဘီလာရုဇ် နိုင်ငံတို့သည် နှစ်နိုင်ငံနယ်နိမိတ် ၄၁၈ ကီလိုမီတာထိစပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ပိုလန်နိုင်ငံသည် တပ်ဖွဲ့ဝင် ၁,၀၀၀ ဦးကျော်ကို ဘီလာရုဇ်နယ်စပ်သို့ စတင်တပ်ဖြန့် ရွှေ့ပြောင်းလျက်ရှိပါသည်။ ဝဂ်နာကြေးစားတပ်ဖွဲ့ဝင်များအနေဖြင့် ဘီလာရုဇ်နိုင်ငံအတွင်း အခြေချနေထိုင်ခြင်းသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်မှုများ ဖြစ်ပေါ် လာစေနိုင်သဖြင့် စိုးရိမ်ပူပန်ခြင်းများအပါအဝင် လစ်သူရေးနီးယားနိုင်ငံ၌ ပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပိုလန်နိုင်ငံက ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း ရုရှားနိုင်ငံသည် ၎င်း၏နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုဇ်နိုင်ငံ၌ တပ်ဖြန့် ချထားရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်၍ ပိုလန်အနေဖြင့် ဘီလာရုဇ် နယ်စပ်သို့ တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားခြင်းသည် နှစ်နိုင်ငံအကြား ရှိရင်းစွဲတင်းမာမှု များကို ဆက်လက်မြင့်တက်စေနိုင်မည်ဖြစ်သကဲ့သို့ NATO အဖွဲ့နှင့် ရုရှားတို့အကြား စစ်ရေးပြိုင်ဆိုင်မှုကို ဆက်လက်မြင့်တက်စေမည့် အထောက်အပံ့တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment