Daily Sabah; Jul-6(Thu)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ဖိတ်ကြားချက်အရ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) သည် တူကီယဲနိုင်ငံသို့ ဇူလိုင်လ ၇ ရက်တွင် သွားရောက်နိုင်ဖွယ်ရှိကြောင်းနှင့် ၎င်းတို့အကြား ယူကရိန်းစစ်ရေးဆိုင်ရာ တိုးတက်မှုအခြေအနေများနှင့် ပင်လယ်နက်မှတစ်ဆင့်ကောက်ပဲ သီးနှံများပို့ဆောင်နိုင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း Daily Sabah သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံများ ပို့ဆောင်ရေးသဘောတူညီချက်သည် ဇူလိုင်လ ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးမှုများအပြင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအကြားလည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ကောက်ပဲသီးနှံတင်ပို့ရေးသဘောတူညီချက်၏ အစိတ်အပိုင်းအရ ရုရှားနိုင်ငံ၏ ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့ခွင့်ရှိသော်လည်း လက်တွေ့တွင် ရုရှားကုန်ပစ္စည်းများ အပြည့်အဝတင်ပို့ခွင့်မရရှိသောကြောင့် ရုရှားနိုင်ငံအနေဖြင့် ၎င်းသဘောတူညီချက်အား ဆက်လက်သက်တမ်းတိုးသွားနိုင်ဖွယ်မရှိကြောင်း ရုရှား၏တာဝန်ရှိသူများက သတိပေး ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂ၊ ရုရှား၊ တူကီယဲနှင့် ယူကရိန်းနိုင်ငံတို့သည် ပင်လယ်နက်မှ တစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံများပို့ဆောင်ရေးဆိုင်ရာသဘောတူညီချက်အား ၂၀၂၂ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ကုလသမဂ္ဂနှင့် ၎င်းသုံးနိုင်ငံမှ ကိုယ်စားလှယ် များပါဝင်သည့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်းကာ ပင်လယ်နက်မှတစ်ဆင့် ကုန်စည်များ ပို့ဆောင်မှုကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment